Friday, May 4, 2012

DSLR Camera ၀ယ်တော့မည်ဆိုလျှင်




DSLR ဆိုသည်မှာ Digital Single Lens Reflex Camera ကို အတိုကောက်ခေါ်ဆိုခြင်းဖြစ်သည်။ အမည်တွင် ဖော်ပြသည့်အတိုင်းပင် အလင်းရောင်ပုံရိပ်သည် ကင်မရာ မှန်ဘီလူး နောက်တွင် တပ်ဆင်ထားသော မှန်ချပ်ကို တစ်ဆစ်ချိုး ဖြတ်သန်းကာ Viewfinder ဟုခေါ်သော ချိန်ကြည့်ပေါက်အတွင်းမှတစ်ဆင့် ကင်မရာအသုံးပြုသူ၏ မြင်ကွင်းသို့ရောက်ရှိပါသည်။ စိတ်တိုင်းကျ ချိန်ညှိပြီး၍ ရိုက်ကူးရန် ခလုတ်ကိုနှိပ်လိုက်သည့်အခါ အဆိုပါ မှန်ချပ်သည် လျှင်မြန်စွာ ခေါက်တင်လိုက်ပြီး အလင်းရောင်သည် Sensor ဟုခေါ်သည့် ပုံရိပ်ဖမ်း အာရုံခံ မျက်နှာပြင်ပေါ်သို့ကျရောက်ကာ ချိန်ကြည့်ပေါက် အတွင်းမှမြင်ကွင်းသည်လည်း ခဏတာ အမှောင်ကျသွားပါသည်။ ချိန်ကြည့်ပေါက် သည် Pentaprism ဟုခေါ်သည့် ငါးနားပါ ဖန်တုံးထည့်သွင်း တည်ဆောက်ထားပြီး ကင်မရာ၏ရှေ့မှ မြင်ကွင်းကို အတည့်အတိုင်း ကြည့်ရှုသူထံ ရောက်ရှိစေပါသည်။

DSLR ကင်မရာများသည် ကျယ်ပြန့်လှသည့် Focal Length အတိုင်းအတာ အမျိုးမျိုးရှိသည့် Lens များတပ်ဆင်အသုံးပြုရာတွင် လိုက်လျောညီထွေ ရှိစေရန် ပြုလုပ်ထားပြီး ၎င်းသည်ပင် DSLR ကင်မရာများ အား အထူးရေပန်းစားစေသည့် အဓိကအချက်တစ်ချက်လည်းဖြစ်သည်။ တန်ဖိုးမြင့် DSLR အများစုသည် Live View ဟုခေါ်သည့် ကင်မရာငယ်လေးများကဲ့သို့  ချိန်ကြည့်ပေါက်မှ ကြည့်ရှုမည့်အစား LCD မျက်နှာပြင်ကို ကြည့်ရှုကာ ကြိုတင်ချိန်ညှိသည့် လုပ်ဆောင်ချက်ထည့်သွင်းထားပြီး ၎င်းလုပ်ဆောင်ချက်အတွက် ပင်မ ပုံရိပ်ဖမ်း Sensor အစား LCD မျက်နှာပြင်တွင်ပြပေးရန် အရံ Sensor ငယ်တစ်ခုကိုအသုံးပြုထားပါသည်။ ယင်းလုပ်ဆောင်ချက်ကိုအသုံးပြုရာတွင် အစောပိုင်း ကင်မရာများသည် focus ချိန်ညှိရာတွင် မိမိမျက်စိကိုသာ အသုံးပြုခဲ့ရသော်လည်း နောက်ပိုင်း မော်ဒယ်များတွင်မူ Contrast auto focus ကိုအသုံးပြုလာသည်ကို တွေ့ရသည်။

CCD (Charged-Coupled Device) Sensor Types

လက်ရှိအနေအထားတွင် အသုံးအများဆုံး DSLR Sensor အမျိုးအစားဖြစ်ပြီး အနည်းဆုံး CCD တစ်ခုကိုအသုံးပြုသည့် Sensor များကိုတပ်ဆင်ထုတ်လုပ်ကြပါသည်။ ယေဘုယျအားဖြင့် အမြင့်ဆုံး ပုံထွက်အရည်အသွေး ရရှိနိုင်သည့် အမျိုးအစားဖြစ်ပြီး နောက်ဆုံးထုတ် ယင်းအမျိုးအစား Sensor များတွင် Dynamic Range ပိုမိုကောင်းမွန်စေရန်နှင့် ပုံရိပ်ဖော်ယူခြင်း လုပ်ငန်းစဉ် ပိုမိုမြန်ဆန်စေမည့် Chip ဖွဲ့စည်းတည်ဆောက်ပုံ အသစ်ကို ပြောင်းလဲအသုံးပြုလာကြပါသည်။ သို့ရာတွင် ထုတ်လုပ်မှုကုန်ကျစရိတ် အမြင့်မားဆုံးနှင့် ပါဝါအသုံးပြုမှု အများဆုံး အမျိုးအစားလဲ ဖြစ်ပါသည်။


CMOS Sensor Types

CCD Sensor များထက်ပါဝါအသုံးပြုမှု ပို၍သက်သာပြီး Circuit ပါတ်လမ်းတစ်ခုတည်းတွင် ပုံရိပ်ဖမ်းယူခြင်းနှင့် ပုံရိပ်ဖော်ယူခြင်းလုပ်ငန်းစဉ်ပါ တစ်ပါတည်းလုပ်ဆောင်နိုင်သည့် CMOS Sensor များသည် ဈေးနှုန်းအရ သက်သာသော်လည်း ပုံရိပ်အရည်အသွေးတွင်မူ CCD ထက်လျော့နည်းပါသည်။

Sensor အရွယ်အစားများ


အားလုံးသော DSLR များသည် အတန်သင့် ကြီးမားသော Sensor များတပ်ဆင်ထားရှိကာ လက်သည်းခွံ အရွယ်အစားသာရှိသော Sensor များတပ်ဆင်ထားသည့် အပျော်တမ်းရိုက် ကင်မရာငယ်လေးများနှင့် နှိုင်းယှဉ်လျှင် ပိုမိုကောင်းမွန်သော ရုပ်ပုံများ ရရှိပြီး ဈေးနှုန်းအရလည်း ပိုမိုများပြားပါသည်။ DSLR Sensor အရွယ်အစားများကို Four Third, APS-C နှင့် Full Frame ဟူ၍ တွေ့နိုင်ပါသည်။ (၁၇.၃ မီလီမီတာ x ၁၃ မီလီမီတာ) အရွယ်အစားရှိသော Four Third Sensor များကို Olympus Camera များနှင့် Panasonic မှထုတ်သော DSLR များတွင် တွေရှိနိုင်ပါသည်။ (၂၁ မီလီမီတာ x ၁၄ မီလီမီတာ) မှ (၂၄မီလီမီတာ x ၁၆ မီလီမီတာ) အရွယ်အစားထိရှိသော APS-C Sensor များသည် DSLR အများစု အသုံးပြုသော Sensor အရွယ်အစားဖြစ်ပြီး Canon, Nikon နှင့် Sony တို့မှထုတ်သည့် DSLR များတွင်တွေ့နိုင်သည်။ ပုံမှန် ဖလင်တစ်ကွက် အရွယ်အစားနှင့်တူညီပြီး ၃၅မီလီမီတာ အရွယ်အစားရှိ Full Frame ဟုလည်း ခေါ်ဆိုသော Sensor များကို Professional (သို့) ဓါတ်ပုံအလွန်ဝါသနာပါသူများ အသုံးပြုလေ့ရှိသည့် တန်ဖိုးမြင့် DSLR များတွင် တပ်ဆင်လေ့ရှိပြီး ကင်မရာထုတ်လုပ်သူတိုင်း ၎င်း Sensor Size အသုံးပြုသည့် မော်ဒယ်များကို တခမ်းတနား ထုတ်လုပ်လေ့ရှိပါသည်။ Image Sensor ၏အရွယ်အစားသည် ၁၀ မက်ဂါပစ်ဇယ်ရှိ အပျော်တမ်းရိုက်ကင်မရာတစ်လုံးနှင့် အလားတူ ၁၀ မက်ဂါပစ်ဇယ်ရှိ DSLR တစ်လုံးတို့အကြား ဓါတ်ပုံအရည်အသွေးကွာခြားမှု၏ အဓိကလက်သည် လည်းဖြစ်သည်။





Digital ကင်မရာအတွက်သီးသန့်  Lens များ
 
ဈေးကွက်အတွင်းရှိ DSLR အများစုသည် APS-C size များဖြစ်ကြသည့် အားလျော်စွာ ကင်မရာထုတ်လုပ်သူများသည် ထုတ်လုပ်မှုကုန်ကျစရိတ် များစွာလျော့ကျသွားစေသည့်  Digital Only Lens များကိုပါ ကင်မရာများနှင့်အတူ ထုတ်လုပ်လာကြသည်။ ၎င်း Lens များသည် APS-C sensor များကို ကာဗာဖြစ်ရုံသာ တွက်ချက်တည်ဆောက်ထားခြင်းကြောင့် ဖလင်ကင်မရာများ (သို့) Sensor Size ပိုမိုကြီးမားသော Full Frame Sensor Size ကင်မရာများတွင် တပ်ဆင်အသုံးပြုပါက Vignetting ဟုခေါ်သည့် ဓါတ်ပုံအနားပတ်လည်တွင် အရိပ်မည်းထင်ခြင်း ဖြစ်ပေါ်စေမည်ဖြစ်သည်။ Canon မှ EF-S Lens, Nikon မှ DX Lens များနှင့် Sony မှ DT Lens အစရှိသည်တို့မှာ ယင်း Lens မျိုးဖြစ်သည်။ အဆိုပါ Digital Only Lens မျိုးမဟုတ်သည့် အခြားသော Lens များနှင့်  ဖလင်ခေတ်မှ Lens များ ကိုမူ မည်သည့် Sensor Size ကင်မရာတွင်မဆို သက်ဆိုင်ရာ Mount Type တူပါက တပ်ဆင်အသုံးပြုနိုင်သည်။ သို့ရာတွင် Focal Length စံများမှာ ၃၅ မီလီမီတာ အရွယ်အစားပေါ်တွင်သာ မူတည်တွက်ချက်ထားခြင်းဖြစ်ရာ အသုံးပြုသည့် Sensor အရွယ်အစားအလိုက် Focal Length စံနှုန်း အမှန်ကိုရရှိရန် Focal length multiplier (သို့) Crop Factor တန်ဖိုးထည့်သွင်း တွက်ချက်ရန်လိုပေသည်။ ဥပမာ Nikon D7000 ကင်မရာသည် ၃၅မီလီမီတာထက် ၁.၅ဆ ပို၍သေးငယ်သောကြောင့် ၅၀မီလီမီတာ မှန်ဘီလူးကို D7000 ကင်မရာတွင်တပ်ဆင်ပါက စံအားဖြင့် ၇၅မီလီမီတာ Focal Length ရှိမည်ဖြစ်သည်။



DSLR အနိမ့်များမှ အမြင့်တန်း ကင်မရာများ အထိ ကွာခြားချက်များအဖြစ် Rsolution, တစ်စက္ကန့်တွင် ရိုက်ယူနိုင်သည့် ပုံအရေအတွက် (Frame Rates), Auto focus တိကျစွာနှင့် လျှင်မြန်စွာ ဖြတ်နိုင်သည့် အရည်အသွေး၊ Auto White Balance မှန်ကန်စွာ တွက်ချက်ဖမ်းယူနိုင်သည့် အရည်အသွေး၊ ကိုင်တွယ်အသုံးပြုရ လွယ်ကူမှု၊ လုပ်ဆောင်ချက်များ တစ်ခုနှင့်တစ်ခုပြောင်းလဲရာတွင် အဆင်ပြေမှုနှင့် လွယ်ကူမှု နောက်ပိုင်း ကင်မရာများတွင် ဗီဒီယို ရိုက်ကူးနိုင်မှု အရည်အသွေးနှင့် စိတ်ကြိုက်ချိန်ညှိရိုက်ကူးနိုင်မှု စသည်တို့ကို တွေ့မြင်နိုင်သည်။

အထက်ပါအချက်များအပြင် DSLR ၀ယ်ယူရာတွင် မိမိ အသုံးချလိုသည့် နယ်ပယ်အလိုက် ဥပမာ - မင်္ဂလာဆောင် နှင့် ပွဲလမ်းသဘင်ရိုက်ကူးခြင်း၊ စတူဒီယိုနှင့် အနုစိတ်မွှမ်းခြယ်သမှုကို ရိုက်ကူးခြင်း၊ သတင်းမှတ်တမ်း ခရီးသွားနှင့် တောတွင်းတိရိစ္ဆာန်များအားရိုက်ကူးခြင်း စသည် ရွေးချယ်ဝယ်ယူခြင်းက မိမိနှင့် ပိုမို အစပ်အဟပ်မိသည့် ကင်မရာမျိုး ရရှိနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ကိုငယ် (မန္တလေး)




1 comment: