Friday, May 4, 2012

2012 အတွက် Smart Camera များ




နည်းပညာပြိုင်ဆိုင်မှု အားကောင်းလှသော ဒစ်ဂျစ်တယ် အိုင်တီခေတ်တွင် တစ်ကိုယ်ရည် လူ့အသုံးအဆောင် ပစ္စည်းများ၏ တီထွင်ဆန်းသစ်မှုများကလည်း မြန်ဆန်သွက်လက်လှသည်။ ၎င်းတို့၏ အသီးအပွင့်များအဖြစ် စမတ်ဖုန်းများ၊ စမတ်တီဗွီများ၊ စမတ်ကားများ စသည်ဖြင့် နည်းပညာမြင့် လုပ်ဆောင်နိုင်စွမ်းမြင့်မားသည့် စမတ် ပစ္စည်းများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြရာ ယခုလည်း သမားရိုးကျ ဒစ်ဂျစ်တယ် ကင်မရာပုံစံများမှ ခွဲထွက်၍ စမတ် ကင်မရာများ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။

၂၀၁၂ ဇန်န၀ါရီလ အတွင်းက နာမည်ကျော် ပိုလာရိုက် (ချက်ခြင်းရိုက် ချက်ခြင်းထွက်) ကင်မရာများ ထုတ်လုပ်သည့် Polaroid ကုမ္ပဏီမှ  Google ၏ mobile OS ဖြစ်သည့် Android OS နှင့် စွမ်းဆောင်ရည်ကောင်းမွန်လှသည့် ဒစ်ဂျစ်တယ်ကင်မရာ အရည်အသွေးတို့ကိုပေါင်းစပ်ကာ  အင်တာနက်နှင့် တိုက်ရိုက် ချိတ်ဆက်ပြီး မိမိရိုက်ကူးလိုက်သည့် ဓါတ်ပုံများကို ချက်ခြင်းရိုက် ချက်ခြင်းရှယ် (Instant Sharing) နိုင်သည့် စမတ် ကင်မရာ *the Polaroid SC1630 ကိုထုတ်ဖော်ပြသလိုက်ခြင်းဖြင့် အနာဂါတ်အတွက် ကင်မရာ မျိုးဆက် ကဏ္ဍသစ်တစ်ခုကို ဖွင့်လိုက်ပါသည်။



အဆိုပါ ကင်မရာတွင် ၁၆ မက်ဂါပစ်ဇယ် အရွယ်အစား ပုံထုတ်ပေးနိုင်သည့် High Definition Sensor တပ်ဆင်ထားပြီး ၃ဆအထိ ချဲ့ယူနိုင်သည့် မှန်ဘီလူးတပ်ဆင်ထားပါသည်။ ၀ိုင်ဖိုင် ကွန်ယက်အတွင်းတွင် ရှိပါက ရိုက်ကူးလိုက်သည့် ဓါတ်ပုံများကို ချက်ခြင်း မိမိ၏ အင်တာနက် ၀က်ဆိုက်ပေါ်သို့ဖြစ်စေ ဆိုရှယ်နက်ဝပ် ဆိုက်များသို့ဖြစ်စေ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် လွှင့်တင်နိုင်မည်ဖြစ်သည်။ ဓါတ်ပုံ (သို့မဟုတ်) ဗီဒီယို အရည်အသွေး ကောင်းမွန်လှသည့် ကင်မရာတစ်လုံး၏ စွမ်းရည်နှင့် Android OS ၏ အကန့်အသတ်မဲ့ လုပ်ဆောင်နိုင်စွမ်းတို့ကို အချိုးကျနစွာ ပေါင်းစပ်လိုက်သည့်အခါ ဓါတ်ပုံရိုက်ကူးခြင်း ပြင်ဆင်တည်းဖြတ်ခြင်း ဖန်တီးဆန်းသစ်ချက်များထည့်သွင်းခြင်း နှင့် ဖန်တီးမှုကို ချစ်ခင်ရင်းနှီးသူများ ကြည့်ရှုခံစားနိုင်ရန် မျှဝေပေးပို့ခြင်း တို့ကို တစ်ပြိုင်တည်းလုပ်ဆောင်နိုင်သည့် နည်းပညာ အဖူးအပွင့် စမတ် ကင်မရာ တစ်လုံး ဖြစ်လာတော့သည်။

Polaroid ၏နောက်တွင် ကင်မရာကုမ္ပဏီများမှ ၎င်းတို့၏ စမတ်ကင်မရာများကို ဆက်တိုက် အပြိုင်အဆိုင် ကြေငြာခဲ့ကြသည်။ ကင်မရာ ဈေးကွက်ဦးဆောင်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် Samsung ကုမ္ပဏီမှလည်း ၂၀၁၂ အတွက် ၀ိုင်ဖိုင်စံနစ် ထည့်သွင်းထားသည့် စမတ် ကင်မရာ ၃မျိုးကို ဧပြီလဒုတိယပါတ်ကုန်တွင် ကြေငြာခဲ့သည်။ အသစ်ကြေငြာသည့် NX Series ကင်မရာများသည် ၂၀ မက်ဂါပစ်ဇယ် အရွယ်အစား ပုံထုတ်ယူနိုင်သည့် Sensor နှင့် Full HD ဗီဒီယိုများ ရိုက်ကူးနိုင်ပြီး မိမိရိုက်ကူးလာသည့် ဓါတ်ပုံများ ဗီဒီယိုများကို မိမိနေထိုင်ရာ ပါတ်ဝန်းကျင် ၀ိုင်ဖိုင် အလှမ်းမီရာအတွင်းရောက်ရှိသည်နှင့် မိမိကွန်ပျူတာအတွင်း အလိုအလျောက် ကူးထည့်ပေးမည်ဖြစ်သည်။ ထို့ပြင် အင်တာနက်မှ မိမိ၏ ကိုယ်ပိုင် Cloud အခြေခံ ဖိုင်များသိမ်းဆည်းသည့် ၀က်ဆိုက်များပေါ်သို့ အလိုအလျောက် Syncronize ပြုလုပ်စေရန် စီမံထား၍လည်းရသည်။ ထို့ပြင် ၎င်းကင်မရာများကို မိမိ မိုဘိုင်းဖုန်းဖြင့် ထိန်းချုပ်၍ မိုဘိုင်းဖုန်းမှ ကြည့်ရှုကာ ရိုက်ကူးနိုင်သည့် Samsung ကိုယ်ပိုင် “Mobile Link” Application ထည့်သွင်းပါရှိသည်။ စမတ် ကင်မရာဖြစ်သည့်အားလျော်စွာ အီးမေးသို့ တိုက်ရိုက်ပေးပို့နိုင်ခြင်း ဆိုရှယ်နက်ဝပ်ဆိုက်များသို့ လွှင့်တင်နိုင်ခြင်း တို့အပြင် စမတ်တီဗွီများဖြင့် တိုက်ရိုက်ချိတ်ဆက်၍ ဓါတ်ပုံများ ဗီဒီယိုများကို ကြည့်ရှုနိုင်သည်။




Canon မှ လည်း သူ၏ ပထမဆုံး စမတ် ကင်မရာ Series အဖြစ် IXUS 510 HS နှင့် IXUS 240 HS တို့ကို စတင်ပွဲထုတ်မိတ်ဆက်သည်။ ကင်မရာအချင်းချင်းသော်လည်းကောင်း အခြားသော မိုဘိုင်းပစ္စည်းများနှင့် သော်လည်းကောင်း အင်တာနက်မှတစ်ဆင့်သော်လည်းကောင်း မိမိရိုက်ကူးထားသည့် ပုံများ ဗီဒီယိုများ နှင့် အခြား သိုမှီးထားသည့် ဒစ်ဂျစ်တယ် အမှတ်သညာ များကို မျှဝေ ကူးယူနိုင်သည်။ လတ်တလောတွင် iPhone iPad iPod တို့နှင့် “Ad Hoc” ဟုခေါ်သည့် နည်းလမ်းအသုံးပြုကာ တိုက်ရိုက်ချိတ်ဆက်မျှဝေနိုင်သည်။

၂၀၁၂ သည် စမတ် ကင်မရာများ ကျယ်ကျယ်ပြန့်ပြန့် စတင်ပေါ်ထွန်းလာသည့် နှစ်အဖြစ် မှတ်ယူနိုင်ပြီး လာမည့် ဒုတိယနှစ်ဝက် နှင့် နောက်နှစ်များတွင် ပိုမိုကျယ်ပြန့်စွာပေါ်ထွန်းလာမည် ဟုယူဆရသည်။ ယခု ထွက်ရှိသည့် Point and Shoot ကင်မရာငယ်လေးများမှသည် Professional သုံး DSLR ကင်မရာများထိ ပိုမိုထူးခြားကောင်းမွန်သည့် စမတ် ကင်မရာများ ထွက်ပေါ်လာနိုင်သည်။ ကင်မရာကုမ္ပဏီများမှ မိုဘိုင်း ဆက်သွယ်ရေး ကွန်ယက်  ကုမ္ပဏီများနှင့် ပူးပေါင်းကာ ၀ိုင်ဖိုင် ချိတ်ဆက်မှုသာမက 3G နှင့် 4G(LTE) ကွန်ယက်များနှင့်ပါ ချိတ်ဆက်၍ နည်းပညာချဲ့ထွင်ရန် ကြိုးပမ်းနေမှုများပါ ရှိနေပြီဖြစ်ရာ မကြာတော့မည့် ကာလများအတွင်း ဓါတ်ပုံ ဗီဒီယို ၀ါသနာရှင်များနှင့် ကင်မရာချစ်မြတ်နိုးသူတို့ အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် နည်းပညာသစ်များကို မျှော်လင့်နိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။

ကိုငယ် (မန္တလေး)

No comments:

Post a Comment