Tuesday, May 8, 2012

Home Theater System



မကြာမြင့်သေးသော ကာလတစ်ခု အထိ ရုပ်ရှင်တစ်ကားကို ပြည့်ပြည့်၀၀ ခံစားကြည့်ရှုနိုင်ရန် အတွက် ရုပ်ရှင်ရုံများ ဆီသို့သာ သွားရောက် ကြည့်ရှုခဲ့ကြရသည်။ အိမ်သုံး ရုပ်မြင်သံကြားစက်များနှင့် ဗီဒီယို ပြစက်များသည် ရုပ်ရှင်ကားများကို ၀ယ်ယူ ငှားရမ်း၍ အိမ်သို့ယူဆောင်ကြည့်ရှုနိုင်သည်မှာ မှန်သော်လည်း ရုပ်ရှင်ရုံများ၏ ကြီးမားကျယ်ပြန့်လှသော မြင်ကွင်းကျယ် ပိတ်ကားကြီးအပါအ၀င် ပါတ်လည်အသံပြေး စံနစ်များ၏ ကောင်းမွန်ပြည့်ဝစွာ ပေးစွမ်းနိုင်သည့် ရသမျိုးကိုကား မရနိုင်ပေ။ ထိုသို့ အရည်အသွေးကွာဟ နေခြင်းသာမက အိမ်သုံးရုပ်မြင်သံကြားစက်များ၏ မျက်နှာပြင် ပုံဖော်စံနစ်နှင့် ကိုက်ညီစေရန် ရုပ်ရှင် မြင်ကွင်း၏ အချို့သော အပိုင်းများကို ဖြတ်ထုတ်လိုက်ရခြင်းကလည်း ရသဆုံးရှုံးမှုတစ်ရပ် ဖြစ်သည်။ နည်းပညာများ အလျင်အမြန် ဖွံဖြိုးတိုးတက်လာနေသော ယခုနှစ်များတွင် မြင်ကွင်းကျယ် ပြသနိုင်သည့် ပရိုဂျက်တာများ LCD တီဗွီများ၏ နည်းပညာပေါက်ကွဲမှုနှင့်အတူ ကျယ်ပြန့်လာသည့် ဈေးကွက်ကလည်း Home Theater များ ပိုမိုပေါ်ထွက်လာစေရန် တွန်းအားပေးလျက်ရှိသည်။


Home Theater System တစ်ခု၏ အဓိကလိုအပ်ချက်များမှာ ကြီးမား၍ ကြည်လင်ပြတ်သားမှုရှိသည့် မြင်ကွင်းကျယ် Display မျက်နှာပြင်တစ်ခုနှင့် ပတ်လည်ပြေးအသံစံနစ် (Surround Sound System) တစ်ခုပင်ဖြစ်သည်။ ထို့အပြင် အခြားလိုအပ်ချက်တစ်ခုမှာမူ သိပြီးဖြစ်သည့်အတိုင်း အသင့်အတင့် ကျယ်ဝန်းကာ  ရုပ်ရှင်ရုံအများစုတွင် တွေ့ရလေ့ရှိသည့် ထောင့်မှန်စတုဂံကျသော အလင်းရောင် အမြောက်အများ ၀င်ရောက်မှုမရှိသည့် ဆိတ်ငြိမ်သည့် အလုံပိတ် အခန်းတစ်ခန်းပင်ဖြစ်သည်။ ၎င်းစံနစ် တပ်ဆင်ရာတွင် တပ်ဆင်အသုံးပြုလိုသည့် ပစ္စည်းအမျိုးအစား အရည်အသွေးနှင့် စံချိန်စံညွှန်းများကို မည်မျှလိုက်နာ ဆောင်ရွက်သနည်း ဆိုသည့် အပေါ်တွင် မူတည်၍ ကုန်ကျစရိတ်မှာ များစွာ ကွာဟ ပြောင်းလဲမှု ရှိနိုင်သည်။ ဆက်လက်၍ တပ်ဆင်အသုံးပြုရမည့် အစိတ်အပိုင်းများနှင့် နည်းပညာအရ ရွေးချယ်စရာရှိသည်များကို ဦးစားပေးတင်ပြသွားပါမည်။


Home Theater TV Set တစ်ခုနှင့် သာမာန် အိမ်တွင်ရှိသော TV Set တစ်ခုတို့ကို ကွာခြားစေသည့် အဓိက အကြောင်းတစ်ခုမှာ ပတ်လည်ပြေးအသံစံနစ် ပါရှိခြင်းဖြစ်သည်။ စံနစ်ကျနသော ပတ်လည်ပြေး အသံစံနစ် တစ်ခုအတွက် Speaker ၂လုံးမှ ၃လုံးအထိ ကြည့်ရှုသူ၏ ရှေ့တွင် ရှိရမည်ဖြစ်ပြီး Speaker ၂လုံးမှ ၃လုံးအထိ သင်၏ဘေးတစ်ဘက်တစ်ချက် (သို့) နောက်ဘက်တွင် ရှိရမည်ဖြစ်သည်။ အဓိက သိသာထင်ရှားသော အသံများမှာ ရှေ့ဘက်တွင်ရှိသော Speaker များမှ ဘယ် ညာ အလိုက် ထွက်ပေါ်ပြီး ရှေ့ဘက်မျက်နှာပြင် ၏ အပေါ်(သို့) အောက် ကြည့်ရှုသူ ရှေ့တည့်တည့်တွင် ရှိသော Speaker မှ စကားပြောသံများ၊ ရှေ့တည့်တည့်မှ လာသော အသံများအပြင် ဘယ် ညာနှစ်ဘက်တို့၏ အသံများကို ထိန်းညှိပေးသည်။ ကြည့်သူ၏ ဘေး (သို့) နောက်ဘက်တွင် ရှိသော Speaker များသည် ရုပ်ရှင်တစ်ကား၏ Sound Effect များ နောက်ကွယ်မှ ဆူညံသံများ စသည်တို့ အပြင် အရွေ့ခံစားမှုကို ပေးလိုသည့် အသံများ ဥပမာ- လေယာဉ်တစ်စီး ခေါင်းပေါ်မှ ဖြတ်၍ပျံသန်းသည့် အခါ အသံများသည် ရှေ့ဘက်မှ Speaker များမှ နောက်ဘက်မှ Speaker များဆီသို့ ရွှေ့လျားသွားမည်ဖြစ်သည်။ ၎င်း အသံများကို စံနစ်တကျ စီစဉ်လွှတ်ထုတ်ပေးသည့် အရာကား ပတ်လည်ပြေး အသံစံနစ်၏ အဓိက အကျဆုံး ဖြစ်သည့် Audio/Video Receiver စက်ပင်ဖြစ်သည်။ ယခုအခါ Digital စံနစ်ကိုသာ အသုံးပြုတော့သည်ဖြစ်ရာ Receiver များသည်လည်း Digital Receiver များသာအများဆုံးတွေ့နိုင်တော့မည်ဖြစ်သည်။

ယနေ့ ပတ်လည်ပြေးအသံစံနစ်တွင် အသုံးအများဆုံး စံနစ် ၂မျိုးမှာ Dolby Laboratories နှင့် Digital Theater System တို့ဖြစ်သည်။ Dolby Laboratories Format တွင် Dolby Digital နှင့် Dolby Pro Logic စီးရီးအတွဲများ ရှိပြီး Digital Theater System တွင် DTS စီးရီးအတွဲများ ထုတ်လုပ်သည်။ ယေဘုယျအားဖြင့် DTS သည် Dolby စံနစ်ထက် Compression လျော့နည်းသဖြင့် အသံပိုင်းတွင် ပိုမို ကြည်လင်ပြတ်သားသည်။ သို့ရာတွင် DVD ခွေထုတ်လုပ်သူများနှင့် ရုပ်သံလွှင့်ဌာနအများစုမှာမူ Dolby စံနစ်ကို ပို၍ အသုံးများသည်။ Bluray နှင့် နောက်ပိုင်းပို၍ အဆင့်မြင့်လာသော မီဒီယာထုတ်လုပ်ရေးများတွင်မူ DTS ကိုပို၍ သုံးလာကြသည်။ ယနေ့ခတ် Receiver များတွင် Dolby စံနစ်ရော DTS စံနစ်ပါ နှစ်မျိုးလုံး အသုံးပြု၍ ရသည့် Model များလည်း အမြောက်အများ ရှိနေပြီဖြစ်သည်။ သင့်အနေဖြင့် Receiver တစ်လုံး ရွေးချယ်တော့မည်ဆိုလျှင် DTS စံနစ် အသုံးပြု၍ရမရနှင့် Speaker မည်မျှပါဝင်သည့် စံနစ်ကို အသုံးပြုမည် ဆိုသည်ကို ဆုံးဖြတ်ရန် လိုအပ်သည်။ အသုံးအများဆုံး ရွေးချယ်စရာများမှာ  5.1 , 6.1 နှင့် 7.1 စံနစ် တို့ဖြစ်သည်။ ရှေ့မှ ဂဏန်းသည် Speaker အရေအတွက်ကို ကိုယ်စားပြုပြီး .1 မှာ Subwoofer Channel ကို ကိုယ်စားပြုသည်။ Subwoofer သည် ထုထည် ကြီးမားသော အသံများကို လွှင့်ထုတ်ပေးနိုင်သည်။
 


Home Theater စံနစ်အတွက် နောက်ထပ် အရေးကြီးသော ရွေးချယ်မှုတစ်ခုမှာ Display မျက်နှာပြင် အမျိုးအစားဖြစ်သည်။ Display များမှာ LCD, LED, Plasma စသည့် Display Panel များအသုံးပြုခြင်းနှင့်  Projector များအသုံးပြု၍ ပြသခြင်းဟူ၍ နှစ်မျိုး ရွေးချယ်နိုင်သည်။ LCD, LED နှင့် Plasma Display တို့မှာ ၃၂လက်မ ခန့်မှ စ၍အသုံးပြုသည့် Home Theater အငယ်စားနှင့် အလတ်စား များနှင့် အခန်းသီးသန့် ဖြင့် မထားရှိသည့်  သာမာန် တီဗွီကြည့်သည့် နေရာများတွင်တပ်ဆင်သော စံနစ်များတွင် အသုံးပြုသည်။ Projector ဖြင့်ပြသသည့် စံနစ်တွင် ပုံမှန်အားဖြင့် ၎င်းတို့သည် အလင်းရောင် လျှော့ချပေးရန် လိုအပ်သဖြင့် Home Theater Space သီးသန့်ဖြင့် တည်ဆောက်သော စံနစ်များတွင် ပိုမိုသင့်တော်သည်။ ထို့ပြင် ၎င်းတို့၏ နောက်ထပ် အားသာချက်တစ်ခုမှာ မြင်ကွင်းကြီးကြီးမားမား ရရှိနိုင်ခြင်းပင်ဖြစ်သည်။

အခြားလိုအပ်ချက်များမှာ သင်ကြည့်ရှုလိုသည့်  ဗီဒီယို သို့မဟုတ် ရုပ်ရှင်ကားများ သို့မဟုတ် တီဗွီ Channel များကို လက်ခံ လွှင့်ထုတ်မည့် Player သို့ Receiver စက်များပင်ဖြစ်သည်။ ၎င်းတို့မှာ တပ်ဆင်ကြည့်ရှုလိုသည့် အပေါ်မူတည်၍ များစွာကွဲပြားနိုင်သည်။ သို့ရာတွင် အဓိကအားဖြင့် မိမိရွေးချယ်ထားသည့် စံနစ်အချင်းချင်း တစ်ခုနှင့်တစ်ခု လိုက်ဖက်စွာ ရွေးချယ် တွဲဖက်ရန် အရေးကြီးပါသည်။ ဥပမာ အားဖြင့် Bly-ray player ၀ယ်ယူတပ်ဆင်ထားပြီး Blu-ray ခွေဖြင့် ကြည့်ရှုသော်လည်း Display စံနစ်မှာ Full HD Support မလုပ်လျှင် သူ၏စွမ်းဆောင်ရည်ရှိသလောက် ကြည့်ရှုခံစားနိုင်မည်မဟုတ်ပေ။

Home Theater စံနစ်တစ်ခုအတွက် အကောင်းဆုံး ထားရှိရမည့် အခန်းအနေအထားသည် ရုပ်ရှင်ရုံတစ်ရုံနှင့် နီးနီးစပ်စပ် အလားသဏ္ဍန်တူခြင်းပင်ဖြစ်သည်။ သင်အသုံးပြုလိုသည့် ဘတ်ဂျက်ပေါ်တွင် မူတည်၍ လိုက်ကာများ အပြည့်ကာရံထားကာ ကော်ဇော အပြည့်ခင်းထားသည့် ပဲ့တင်သံများ နည်းနိုင်သမျှနည်းအောင် စီမံထားသည့် အခန်းများမှသည် သာမာန် ဧည့်ခန်းတစ်ခုအတွင်း ထားရှိသည့် တီဗွီဖြင့် တွဲဖက်အသုံးပြုသည့် စံနစ်တစ်ခုလည်း ဖြစ်နိုင်ပါသည်။ အကယ်၍ သင်၏ဧည့်ခန်းဆောင်မှ တီဗွီစံနစ်ကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ရုံမျှဆိုလျှင် Home Theater စံနစ်တစ်ပါတည်း ပါဝင်သော Speaker တစ်စုံ၊ အရွယ်တော် တီဗွီတစ်လုံး DVD (သို့) Blu-ray player တစ်လုံးပါရှိလျှင် အတော်စုံလင်ပြီဖြစ်သော်လည်း အကယ်၍ သင်၏ကိုယ်ပိုင် Movie Theater တစ်လုံး တည်ဆောက်လိုပါလျှင်မူ Home Theater နှင့်ပါတ်သက်၍ ကျွမ်းကျင်ပညာရှင်များခေါ်ယူကာ စံနစ်တကျ တည်ဆောက်သင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

ကိုငယ် (မန္တလေး)

No comments:

Post a Comment