Thursday, October 4, 2012

ဓါတ်ပုံတစ်ပုံ၏ဖွဲ့ စည်းပုံ (Composition) အပိုင်း (၁)

ဓါတ်ပုံတစ်ပုံကို ရိုက်ယူလိုက်တဲ့ အချိန်မှာ ကိုယ့်ပုံထဲကို ဘယ်အရာတွေထည့်သွင်းမယ် ဘာတွေကိုတော့ ဖယ်ထုတ်လိုက်မယ် ဆိုပြီး ဆုံးဖြတ်တာဟာ Composition ပါပဲ။

ဒီကနေ့ ခေတ် Automatic camera များရဲ့  အခန်းကဏ္ဍမှာ Focus ချိန်ညှိခြင်း နဲ့  Exposure (အလင်းအမှောင်) ချိန်ညှိခြင်းကို အချိန်တော်တော်များများမှာ ကင်မရာက မှန်ကန်အောင် ဆုံးဖြတ်ပေးနိုင် တဲ့ အတွက် ထူးခြားကောင်းမွန်တဲ့  ဓါတ်ပုံတစ်ပုံနဲ့ သာမာန် ဓါတ်ပုံ တစ်ပုံရဲ့  အဓိကကွာခြားချက်ဟာ Composition (ဓါတ်ပုံတစ်ပုံရဲ့ ဖွဲ့ စည်းပုံ) ပါပဲ။


ကျွန်တော်တို့ ရိုက်ကူးလိုက်တဲ့ ဓါတ်ပုံတိုင်းအတွက် ကျွန်တော်တို့ မှာ ရွေးချယ်စရာအဖြစ် ဓါတ်ပုံရဲ့  အနားသတ်ဘောင်လိုင်း အတွင်းမှာ ဘယ်လောက်အထိပါအောင်ရိုက်ကူးမလဲ (Cropping)၊ ဘယ်ရှုထောင့် အနေအထားကနေရိုက်ကူးမလဲ (View point) ဆိုတာတွေရယ် တစ်ကယ်လို့  လူ ဒါမှမဟုတ် ရွေ့ လျားနေတဲ့ အရာတွေကို ရိုက်ကူးတဲ့ အခါမှာ သူတို့ ကို ဘယ်လိုပုံစံမျိုးနဲ့ ထည့်သွင်းမလဲ ဆိုတာတွေကို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ တစ်ကယ်လို့ သင်ဟာ ရှုခင်းဓါတ်ပုံ (Landscape) ဒါမှမဟုတ် မရွေ့ ရှားတဲ့အရာတွေပါဝင်မဲ့ ပုံမျိုး ရိုက်ကူးတော့မယ်ဆိုရင်တော့ စိတ်ကြိုက် composition ရဖို့  သင်ကိုယ်တိုင် နေရာရွေးချယ်ပြီး ဓါတ်ပုံအတွင်းမှာ ဘယ်လိုစိတ်ဝင်စားစရာ ကောင်းတဲ့ အရာတွေ ထည့်သွင်းမယ်ဆိုတာ ဆုံးဖြတ်ရပါလိမ့်မယ်။

ဓါတ်ပုံတစ်ပုံရဲ့  composition အတွက် ဥပဒေသ တွေကတော့ အမြောက်အများရှိပါတယ်။ အဲဒီထဲက တစ်ချို့ ကို အသုံးပြုပြီး ကျွန်တော်တို့  ဓါတ်ပုံတစ်ပုံကို ဘယ်လိုကောင်းအောင်ဖွဲ့ စည်းမလဲဆိုတာ စဉ်းစားကြည့်ကြရအောင်။

Composition Rules (ဖွဲ့စည်းပုံအတွက် ဥပဒေသများ)

ဥပဒေသတွေဟာ composition အတွက် အတော်လေး အထောက်အကူပြုပါတယ်။ တစ်ခါတစ်ရံ သိပ်ကိုကောင်းတဲ့  ဓါတ်ပုံတွေမှာ ဒီ compositional ဥပဒေသတွေကို လှလှပပ ပြန်ပြီး ချိုးဖောက်ထားတာမျိုးသင်တွေ့ ရနိုင် ပါတယ်။ ဒီလိုမျိုး ပုံရဖို့ အတွက်ဆိုရင်တော့ သင်ဟာ ဥပဒေသတွေကို ကျွမ်းကျွမ်းကျင်ကျင် သိနားလည်ပြီး ဘာကြောင့်ပြန်ချိုးဖောက် နိုင်တယ်ဆိုတာကို ပိုင်ပိုင်နိုင်နိုင် သိရှိထား ရပါလိမ့်မယ်။

Rule of Thirds (သုံးချိုးဥပဒေသ)

ဒီဥပဒေသကို ရှုခင်းဓါတ်ပုံများ (Landscape Photography) မှာအတွေ့ ရများပါတယ်။ သို့ ပေမယ့် ဒီဥပဒေသဟာ တစ်ခြားအရာ တွေအတော်များများ ကိုရိုက်ကူးတဲ့  နေရာမှာလည်း အသုံးချလို့  အဆင်ပြေတာကို တွေ့ ရပါတယ်။ သူကတော့ ရိုးရိုးလေးပါ သင့်ရဲ့ အဓိက အရာဝထ္ထုကို ဓါတ်ပုံရဲ့ အလယ်တည့်တည့်မှာ ထားမယ့်အစား သုံးချိုးတစ်ချိုး (သို့ ) နှစ်ချိုးသုံးချိုး မျဉ်းပေါ်မှာတင်လိုက်ပါ လို့ ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်တင်ပြလိုတဲ့  အရာဟာ ဓါတ်ပုံရဲ့ အလယ်တည့်တည့်မှာရှိနေခြင်းဟာ ဓါတ်ပုံကို အတန်ငယ် ရိုးစင်းပြီး ငြီးငွေ့ စေတယ် လို့ ဆိုပါတယ်။ အကျယ်ထပ်ပြီး ရှင်းပြပါမယ်။ ဓါတ်ပုံတစ်ပုံကို စိတ်ကူးနဲ့  အလျားလိုက် သုံးပိုင်း၊ အနံလိုက် သုံးပိုင်း ပိုင်းကြည့်လိုက်ပါ။ အဲဒီအခါမှာ အဲဒီလိုင်းတွေအချင်းချင်း ဖြတ်သွားတဲ့ ဆုံမှတ် လေးခုရယ် မျဉ်းလေးကြောင်းရယ် ရလာပါတယ်။



ရှုခင်း လိုဓါတ်ပုံမျိုးတွေအတွက် ကောင်းကင်နဲ့ မြေကြီးထိစပ်နေတဲ့  လိုင်းကို အဲဒီမျဉ်းလေးကြောင်းက တစ်ကြောင်းကြောင်းပေါ်မှာတင်ရင် ပုံကပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ ဆိုပါတယ်။ တစ်ဖန် ကိုယ့်ရဲ့ အဓိက အရာဝထ္ထုကို အဲဒီဆုံမှတ်လေးခုထဲက တစ်ခုခုပေါ်မှာ တင်ပေးရင် လဲထိုနည်းလည်းကောင်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့  ပုံလေးတွေရရှိနိုင်မယ်လို့ ဆိုပါတယ်။ ဖော်ပြပါဓါတ်ပုံလေးတွေကတော့ ဒီဥပဒေသအရ ရိုက်ကူးထားတဲ့  ပုံနမူနာလေးတွေပဲ ဖြစ်ပါတယ်။














Diagonal Rule (ထောင့်ဖြတ်ဥပဒေသ)

ကိုယ့်ရဲ့  အဓိက အရာဝထ္ထုကို ထောင့်ဖြတ် အတိုင်းထားရှိခြင်းဟာလည်း ပုံကို ပို၍ဆွဲဆောင်မှုအားကောင်းစေပြီး လှုပ်ရှားသက်ဝင် စေတယ်လို့ ဆိုပါတယ်။ ရံဖန်ရံခါမှာ ထောင့်ဖြတ်လိုင်းဟာ စိတ်ကူးနဲ့ ခန့် မှန်းဆက်ကြည့်ရတဲ့  အနေအထားမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဖော်ပြပါ ပုံလေးတွေကိုလေ့လာ ကြည့်ခြင်းအားဖြင့် ဆိုလိုတဲ့  အဓိပ္ပါယ်ကို ခန့် မှန်းနိုင်ပါလိမ့်မယ်။













ကိုငယ် (မန္တလေး)


 

3 comments:

  1. ကောင်းလိုက်တာ အစ်ကိုရေ ...... တကယ်ပညာရပါတယ်ခင်ဗျာ .... ဆက်ပြီတော့လည်းလုပ်ပေးပါဦးခင်ဗျာ ...။

    ReplyDelete
  2. ယခုလိုသင်ပြေပေးတာ အ၇မ်းကျေးဇူးတင်ပါတယ်၊ ကျွန်တော်လည်း ဓါတ်ပုံဆိုင်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ကင်မရာ ကောင်းကောင်းလေးတစ်လုံးလောက် ၀ယ်ချင်တယ်ဗျာ၊ လမ်းညွန်ပေးပါနော်၊ ပြီးတော့ မြန်မာပြည်မှာ ရှိတဲ့ ကင်မရာဆိုင်တွေရဲ့ wedside လိပ်စာလေး လိုချင်တယ်အစ်ကို လမ်းညွှန်ပေးပါနော်
    လေးစားစွာဖြင့်

    ReplyDelete
  3. ရန်ကင်းDecember 29, 2012 at 6:41 PM

    စေတနာရဲ့အကျိုးခံစားရနိုင်ပါစေ၊ကင်မရာမှာရှိတဲ့အခေါ်အဝေါ်တွေကိုရှင်းပြပေးစေချင်ပါတယ်၊ကင်မရာတလုံးဝယ်ရင်ဘယ်အချက်တွေကိုကြည့်ပြီးအမျိုးအစားကိုတင်ပေးစေချင်ပါတယ်၊

    ReplyDelete