Saturday, September 8, 2012

iPhone 5 မှမျှော်လင့်နိုင်သော တီးတိုးပေါက်ကြားလာသည့် နည်းပညာနှင့်အချက်အလက်များ





Apple မှ အသစ်ထပ်မံထုတ်လုပ်မည့် iPhone ကို စက်တင်ဘာလ ၁၃ရက် (GMT+8) စံတော်ချိန် ၀၁း၀၀ (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၂ရက် ည ၁၁း၃၀) တွင်ကြေငြာတော့မည် မှာသေချာလျက်ရှိနေပေပြီ။ အများနည်းတူပင် သင်လည်း အဆိုပါ လက်ကိုင်ဖုန်း အသစ်တွင် ပါဝင်လာမည့် အချက်အလက်များကို သိရှိလိုနေမည် ဖြစ်ကောင်းဖြစ်နိုင်သည်။ အဆိုပါ iPhone 5 (Apple မှ အရိပ်အမြွက်ပြောထားသော အမည်) တွင်ပါဝင်လာမည့် တီးတိုး ပေါက်ကြားလာသည့် သတင်းအချက်အလက်အချို့ကို တင်ပြလိုက်ပါသည်။ အဆိုပါအချက်အလက်များကို Apple မှ တရားဝင်ကြေငြာသည့်အချိန်တွင် တိုက်ဆိုင်စစ်ဆေးကြည့်ရမည့် Scorecard အနေဖြင့်လည်း သင်အသုံးချကောင်းချနိုင်ပါသည်။ သို့တည်းမဟုတ် Apple ၏ရင်ခုန်စရာ Live event ကိုကြည့်ရှုနေရင်း Checklist တစ်ခုအနေဖြင့်လည်း အသုံးဝင်ကောင်းဝင်နိုင်ပါသည်။


ပထမဦးစွာ မျှော်မှန်းနိုင်သည်မှာတော့ ထောင့်ဖြတ် ၄လက်မ အကျယ်ရှိ မျက်နှာပြင်အရွယ်အစားပင်ဖြစ်သည်။ Apple ၏ iPhone 4S မှာ ၎င်း၏ယှဉ်ပြိုင်ဘက် အခြားသော လက်ကိုင်ဖုန်းများ၏ ကြီးမားကျယ်ပြန့်လှသော မျက်နှာပြင်ကြီးကြီးမားမား များ၏နောက်တွင် အတော်ပင် ပြတ်ကျန်ခဲ့သည်ဟုဆိုနိုင်သည်။ တီးတိုးသတင်းများသာ အမှန်ဖြစ်ပါက iPhone 5 သည် ၎င်း၏ ကိုင်ဆောင်အသုံးပြုရလွယ်ကူသည်ဟု ခေါင်းမာမာနှင့် ပြောဆိုနေဆဲ လက်ရှိ iPhone များ၏အကျယ်ကို မပြောင်းလဲသော်ငြား မျက်နှာပြင် အရှည်ကိုမူ ပြောင်းလဲကာ လက်ရှိ ၃.၅ လက်မအစား ပိုမိုကြီးမားသော အရွယ်အစားသို့ ပြောင်းလဲထုတ်လုပ်မည် ဖြစ်သည်။



မျက်နှာပြင်အရွယ်အစား ပြောင်းလဲလိုက်ခြင်းက နောက်ထပ်ပြောင်းလဲခြင်းတစ်ခုဆီသို့ ဦးတည်သွားစေပါသည်။ ကြီးမားလာသော မျက်နှာပြင်အရွယ်အစားအတွက် ဘော်ဒီအိမ်ဒီဇိုင်းနှင့် အရွယ်အစားကိုလည်း လိုက်ဖက်ညီစွာ ပြောင်းလဲပေးရပါလိမ့်မည်။ Apple က ပိုမိုကျယ်ပြန့်သော ဘော်ဒီနှင့် ပိုမိုပါးလွှာသော ဒီဇိုင်းကို ပြောင်းလဲ ထုတ်လုပ်ပါလိမ့်မည်။ တီးတိုးပေါက်ကြားလာသည့် သတင်းဓါတ်ပုံများအရဆိုလျှင် ပုံသဏ္ဍန်သွင်ပြင်မှာ လက်ရှိ iPhone များနှင့် များစွာဆင်တူပြီး အနည်းငယ် ပြောင်းလဲမှုများအဖြစ် နောက်မျက်နှာပြင်မှာ All metal plate ဖြစ်သွားခြင်းစသည် ဖြင့်သာရှိမည်။

နောက်ထပ် တီးတိုးသတင်းတစ်ခုအရ Pin ၉ခုပါရှိသည့် မူလအရွယ်အစားထက် ပိုမိုသေးငယ်သော Dock Connector အသစ် နှင့် Nano SIM Card အသစ် မှာလည်း ဖြစ်နိုင်ခြေများစွာရှိနေပါသည်။ Apple သည် မည်သည့်ရည်ရွယ်ချက်ဖြင့်ပြုလုပ်သည်ဟု မသိရသော်ငြား ၃.၅ မီလီမီတာ Audio Jack ကိုလည်း မူလ အပေါ်ဘက်နေရာမှ အောက်ဘက် Dock Connector ဘေးဘက်သို့ ရွှေ့လိုက်သည် ဆိုသည်မှာလည်း သေချာသလောက်ပင်ဖြစ်သည်။

iPhone 5 ဟာ iOS 6 Operating System အသစ်နဲ့ တစ်ပါတည်းကြေငြာပေးမယ်ဆိုတာကတော့ ပြောစရာလိုတဲ့ ကိစ္စမဟုတ်တော့ပါဘူး။ အဲဒီ OS အသစ်မှာတော့ Google Map ကနေပြောင်းလဲ အသုံးပြုလိုက်တဲ့ Apple ရဲ့ကိုယ်ပိုင် Map Application အသစ်၊ The Wallet Application စတဲ့ App အသစ်တွေအပါအ၀င် iPhone 4S မှာတုန်းက Siri ကို ၎င်းအတွက် သီးသန့်ထည့်သွင်းပေးခဲ့တာမျိုးလို iPhone 5 အတွက် သီးသန့် Application မျိုးတွေကိုလည်း မျှော်လင့်နိုင်ပါတယ်။

မျှော်လင့်ဖို့ မရေရာသေးတဲ့ကိစ္စတစ်ခုကတော့ Apple ဟာ NFC ဆောင်ရွက်နိုင်စွမ်းကို ထည့်သွင်းမယ် မထည့်သွင်းဘူး ဆိုတာပဲဖြစ်ပါတယ်။ တစ်ကယ်လို့ အဲဒီစွမ်းရည် မပါဝင်လာခဲ့ရင်တော့ ပြိုင်ဘက်တွေကြားမှာ မျက်နှာငယ်စရာ အချက်တစ်ခု ဖြစ်လာဖွယ်ရှိနေပါတယ်။ 4G သို့မဟုတ် LTE Network ချိတ်ဆက်နိုင်စွမ်းကတော့ ပါလာမယ်လို့ မျှော်လင့်နိုင်ပါတယ်။ သို့ပေမယ့် The New iPad လိုမျိုး US Network တစ်ခုတည်းနဲ့သာ အဆင်ပြေအောင် လုပ်ထားတာမျိုး ဖြစ်မယ် မဖြစ်ဘူးကတော့ စောင့်ကြည့်ရမယ့် ကိစ္စတစ်ခုပဲဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့ကတော့ iPhone 5 မှာပါဝင်လာမယ့် ကင်မရာအကြောင်းကတော့ တီးတိုးသတင်းတွေမှာလည်း ထူးထူးခြားခြား မတွေ့ရဘူး လို့ဆိုပါတယ်။ သို့ပေမယ့် Apple က ကင်မရာမှာလည်း ပိုပြီးကောင်းအောင် ဆန်းသစ်ချက် တစ်ခုခု ပြုလုပ်ကောင်း ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့်လည်း Nokia ကနောက်ဆုံး ထုတ်တဲ့ Nokia Lumia 920's လို "Floating Lens Technology" လို အရမ်းအဆင့်မြင့်တဲ့ ပြောင်းလဲမှုမျိုးလောက်ထိတော့ မြင်တွေ့ရဖွယ် မရှိပါဘူး။

ကိုငယ် (မန္တလေး)


No comments:

Post a Comment