Saturday, September 8, 2012

Canon EOS M


ယခုရက်ပိုင်းအတွင်း ဓါတ်ပုံပညာ စိတ်ဝင်စားသူများ ၀ါသနာရှင်များ ပညာရှင်များ အကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည့် အကြောင်းအရာတစ်ခုမှာ Canon မှ ၎င်း၏ ကင်မရာအသစ် တစ်မျိုးဖြစ်သည့် EOS-M ကို ပွဲထုတ် မိတ်ဆက်ပြသလိုက် ခြင်းပင်ဖြစ်သည်။ အဆိုပါ ကင်မရာသည် Mirrorless Interchangeable lens နည်းပညာကို အခြေခံထားကာ ၎င်း နည်းပညာဖြင့် ထုတ်လုပ်သည့် ကင်မရာ အမျိုးအစားများ အကြား Canon ၏ ပထမဆုံး ခြေလှမ်းသစ်အဖြစ် ၀င်ရောက်လာခြင်းလည်းဖြစ်သည်။

Mirrorless Interchangeable Lens ကင်မရာဆိုသည်မှာ ယခုနှစ်များအတွင်း ရေပန်းစားလာသည့် ဒစ်ဂျစ်တယ် ကင်မရာ နည်းပညာအသစ်တစ်မျိုးဖြစ်သည်။ DSLR ကင်မရာများထက် သေးငယ်သော ဘော်ဒီ အရွယ်အစား ရှိပြီး ၀ါသနာရှင်အဆင့် DSLR ကင်မရာများတွင် အသုံးပြုသော Sensor အရွယ်အစားကို အသုံးပြုထားကာ သက်ဆိုင်ရာ ကုမ္ပဏီအလိုက် ၎င်း ကင်မရာအမျိုးအစားများအတွက် သီးသန့်ထုတ်လုပ်ထားသော မှန်ဘီလူးများကို လဲလှယ်တပ်ဆင် အသုံးပြုနိုင်အောင် ပြုလုပ်ထားသည့် ကင်မရာများဖြစ်သည်။ ခြုံငုံပြောရလျှင် ၀ါသနာရှင်အဆင့် DSLR များတွင် ပါရှိသော လုပ်ဆောင်ချက်များ အားလုံးနီးပါးပါရှိကာ ပုံထွက် အရည်အသွေး အားဖြင့်လည်း အတော်အတန်ကောင်းမွန်သော DSLR များထက် သေးငယ်ပေါ့ပါးကာ သယ်ယူအသုံးပြုရ ပိုမိုလွယ်ကူအောင် ပြုလုပ်ထားသည့် ကင်မရာ အမျိုးအစားပင် ဖြစ်သည်။


အမှန်တကယ်အားဖြင့် Canon သည် အဆိုပါ ကင်မရာဈေးကွက်အတွင်းသို့ နောက်ဆုံးမှ ၀င်ရောက်လာသော အင်အားကြီး ကင်မရာထုတ်လုပ်သူ ဖြစ်သည်။ လွန်ခဲ့သော ၄ နှစ်ခန့်မှစ၍ Panasonic မှ Lumix DMC-G1 ကိုထုတ်လုပ်ခဲ့ပြီး ဆက်တိုက်ဆိုသလိုပင် ကင်မရာထုတ်လုပ်သူ များအားလုံးလိုလို ယင်း ဈေးကွက်အတွင်း ၀င်ရောက်ကာ ကင်မရာမော်ဒယ် အမျိုးမျိုးတို့ ကို ဈေးကွက် တင်ခဲ့ကြပြီးဖြစ်သည်။ Olympus PEN E-PM1 ကဲ့သို့ သော သာမာန် ၀ါသနာရှင်များအတွက် မော်ဒယ်များ မှသည် Sony NEX-7 နှင့် Fujifilm X-Pro1 ကဲ့သို့သော အဆင့်မြင့် တန်ဖိုးကြီး ကင်မရာများအထိ ဈေးကွက် အတွင်း ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ် ယှဉ်ပြိုင်နေခဲ့ကြသည်။ Canon EOS M ၏ အချက်အလက် အချို့နှင့် လုပ်ဆောင်နိုင်စွမ်း အချို့ကို တင်ပြပေးပါမည်။


 
EOS M သည် ပြီးခဲ့သည့် လပိုင်းက ပွဲထုတ်ခဲ့သည့် EOS 650D အငယ်စားဟု တင်စားသော် မှားမည်မဟုတ်ပါ။ သို့ရာတွင် ဓါတ်ပုံကင်မရာကို ယခုမှစတင်အသုံးပြုမည့်သူများအတွက် ပိုမို အသုံးပြုရလွယ်ကူမည့် သွင်ပြင်နှင့် ပိုမိုကျစ်လျစ်စွာ သယ်ဆောင်အသုံးပြုနိုင်ရန် ပြုလုပ်ထားသည်။ အသစ်စတင် ထုတ်လုပ်သော EF-M mount ကိုအသုံးပြုထားကာ ၎င်း အမျိုးအစား မှန်ဘီလူးများ အဖြစ် EF-M 18-55mm f/3.5 to 5.6 IS STM Zoom နှင့် EF-M 22mm f/2.0 STM ‘pancake’ prime တို့ကိုပါ တစ်ပါတည်း ထုတ်လုပ်ထားသည်။ သို့ရာတွင် EOS မိသားစုဝင် ဖြစ်သည့် အားလျှော်စွာ ၎င်း ကင်မရာနှင် တစ်ပြိုင်တည်း ထုတ်လုပ်သည့် Mount Adaptor EF-EOS M ဟုခေါ်သည့် ကြားခံ Adaptor ကို အသုံးပြုကာ လက်ရှိ Canon ၏ မြောက်များလှစွာသော EF  နှင့် EF-S မှန်ဘီလူးများကို တပ်ဆင်အသုံးပြုနိုင်သည်။

EOS M ကို အနက်ရောင် အဖြူရောင် ငွေရောင် နှင့် အနီရောင် ဟူ၍ အရောင် လေးမျိုး ထုတ်လုပ်ထားပြီး magnesium-alloy ကိုယ်ထည်ဖြင့် သေသပ် ခိုင်ခံ့စွာ ပြုလုပ်ထားသည်။ ကင်မရာတွင် Built-In Flash မပါရှိဘဲ အမေရိကန် ဈေးကွက်မှအပ ကျန်ဈေးကွက်များအားလုံးတွင် ကင်မရာနှင့်အတူ Speedlite 90EX Flash ပါဝင်မည်ဖြစ်သည်။ View finder လည်းမပါရှိဘဲ ဓါတ်ပုံ သို့မဟုတ် ဗီဒီယိုရိုက်ကူးရာတွင် LCD တစ်မျိုးတည်း ကိုသာ ကြည့်ရှုရိုက်ကူးရမည်ဖြစ်သည်။

EOS M ကို အလွန်ရိုးရှင်းစွာ အသုံးပြုနိုင်စေရန် တည်ဆောက်ထားကြောင်း ၎င်း၏ ပါဝင်သော ခလုတ်များနှင့်  Mode Dial တို့ကို ကြည့်ရှုရုံဖြင့် သိသာနိုင်သည်။ နှစ် ၂၀ ကျော် ပုံစံတူနည်းပါး အသုံးပြုလာခဲ့သော Canon ၏ Mode Dial လှည့်ခလုတ်ဘီး ကို ၃ နေရာသာ ရွှေ့ပြောင်းနိုင်အောင် လျော့ချလိုက်သည်။

နောက်ဘက်တွင်ပါရှိသော ခလုတ်များမှာလည်း ပါနေကျ ၄ဘက်သွား ခလုတ်ဝိုင်း တစ်ခုအပါအ၀င် အနည်းငယ်မျှသာဖြစ်သည်။ သို့ရာတွင် ဤသို့ တည်ဆောက်ထားခြင်းမှာ ကြီးမားလှသည့်  ဘက်စုံသုံး capacitative touchscreen အားကိုးကြောင့်လည်း ဖြစ်နိုင်ပါသည်။ 650D မှာကဲ့သို့ပင် ကျယ်ပြန့်စွာ အသုံးချနိုင်သည့် Multi touch Screen ဖြစ်ကာ EOS M တွင် ၎င်းက ပိုမို အသုံးတည့်မည်ဟု ယူဆရပေသည်။
ဗီဒီယို ရိုက်ကူးရာတွင် Full HD 1920x1080 resolution ကို 30,25 သို့မဟုတ် 24 fps များဖြင့် ရွေးချယ် ရိုက်ကူးနိုင်ပြီး Fully Automatic သို့မဟုတ် Manual Mode ဖြင့်လည်း ရိုက်ကူးနိုင်သည်။ EOS M Camera ကို pancke 22mm မှန်ဘီလူးဖြင့်တွဲလျက် US$ 799 ဖြင့်၎င်း EF-M 18-55 မှန်ဘီလူးကို သပ်သပ် ၀ယ်ယူလိုပါက US$ 299 ဖြင့်၎င်း တရားဝင် ကိုယ်စားလှယ် ပေးထားသည့် ကင်မရာ စတိုးများတွင် ၀ယ်ယူနိုင်ပြီဖြစ်ပါသည်။



EOS M တွင် ပါရှိသော အဓိက အချက်အလက် အချို့မှာ -

* 18 Megapixels APS-C ‘Hybrid CMOS’ Sensor
* 14-bit DIGIC 5 Processor
* ISO 100-12800 standard, 25600 expanded
* 4.3 fps continuous shooting, 3 fps with autofocus tracking
* 1080p30 video recording, stereo sound (with 25p or 24p options)
* External microphone socket and adjustable sound recording level
* 1040k dot 3:2 touch-sensitive ClearView II LCD (capacitative type, multi-touch support)
တို့ဖြစ်ကြသည်။

ကိုငယ် (မန္တလေး)







No comments:

Post a Comment