ရပ်နေရာမှ
ရုတ်ချည်း လျင်မြန်စွာ မောင်းနှင်နိုင်ခြင်း၊ အရှိန်မြှင့်တင်ရာတွင်
ထူးထူးခြားခြား သိမ်မွေ့မှုရှိခြင်း အလွန်အားကောင်းသောပါဝါရှိခြင်း၊
လောင်စာဖြည့်တင်းရန် မလိုအပ်တော့ခြင်း အနည်းငယ်မျှလောက်သော
ပြုပြင်ထိန်းသိမ်းမှုသာလိုအပ်ခြင်း စသည့်များစွာသော အားသာချက်များဖြင့်
မော်တော်ဆိုင်ကယ်တစ်စီး စိတ်ကူးကြည့်ဖူးပါသလား။ Zero မှ
မော်တော်ဆိုင်ကယ်များ၏ အခန်းကဏ္ဍသစ်တစ်ခု အဖြစ် အဆိုပါအားသာချက်များဖြင့်
လှပဆန်းသစ်သော ဒီဇိုင်း ပေါ့ပါးခိုင်ခံ့သည့်ကိုယ်ထည်နှင့်
တစ်ကြိမ်အားသွင်းထားလျှင် ခရီး ၁၁၄ မိုင်အထိမောင်းနှင် သွားလာနိုင်သော
လျှပ်စစ် မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ထားပါသည်။
Z-Force™
ဟုအမည်ပေးထားသည့် နည်းပညာကို အခြေခံတည်ဆောက်ထားပြီး အဆိုပါ
မော်တော်ဆိုင်ကယ်များကို စွမ်းရည်အထူးကောင်းမွန်စေရန်နှင့်
ပေါ့ပါးမှုရှိစေရန် ရည်ရွယ်ချက်ထား တည်ဆောက်ထားသည်။ ကုမ္ပဏီမှ သီးသန့်
တည်ဆောက်ထားသော Lithium ion ဘက်ထရီ၏ စွမ်းရည်နှင့် လျှပ်စစ်မော်တာတို့၏
အစွမ်းတို့ လိုက်ဖက်ညီစွာ ပေါင်းစပ်ပြီး မြင့်မားသော မြင်းကောင်ရေအားနှင့်
လျှင်မြန်စွာ မြန်နှုန်းတိုးမြှင့်နိုင်သည့် စွမ်းရည်တို့ကို ရရှိစေသည်။
လျှပ်စစ် မော်တာ၏ အားသာချက်အစွမ်းကြောင့် ရာနှုန်းပြည့်
အရှိန်တိုးမြှင့်နိုင်သည့်အပြင် လီဗာ အတိုးအလျော့အလိုက်
တုန့်ပြန်မှုအားကောင်းစွာ လုပ်ဆောင်နိုင်ပြီး အံ့အားသင့်လောက်အောင်
အချိန်တိုအတွင်း အရှိန်အမြင့်ဆုံးရောက်အောင် မြှင့်တင်နိုင်သည်။
မြို့တွင်းသွားလာ
စီးနင်းမှုများတွင် အသုံးပြုရန် အတွက် Zero S, Zero XU ခရီးကြမ်း
မောင်းနှင် သွားလာမှုများနှင့် တောကြမ်းခရီး ပြီုင်ပွဲများ အတွက် Zero X,
Zero MX နှင့် မြို့တွင်းရော ခရီးကြမ်းပါ နှစ်မျိုးစလုံး အသုံးပြုနိုင်သည့်
Zero DS ဟူ၍ မော်ဒယ် ၅မျိုး ထုတ်လုပ် ထားကာ ဈေးနှုန်းအားဖြင့်
အမေရိကန်ဒေါ်လာ ၇၀၀၀ ကျော်မှ ၁၃၀၀၀ ကျော်အထိ မော်ဒယ်အလိုက်
ကွာခြားချက်ရှိသည်။
Zero
မော်တော်ဆိုင်ကယ်များ၏ ဖရိန်ကိုယ်ထည်ကို ကမ္ဘာကျော် ဒီဇိုင်နာ Neal Saiki
ကပုံစံထုတ်ထားပြီး အပေါ့ပါးဆုံးနှင့် အခိုင်ခန့်ဆုံးဖြစ်အောင်
ပြုလုပ်ထားသည်။ ဖရိန်တိုင်းကို ရာနှုန်းပြည့် လေယာဉ်ကိုယ်ထည်သုံး
အလူမီနီယမ်သတ္တုဖြင့် ပြုလုပ်ထားပြီး Zero X တွင်အသုံးပြုထားသည့်
ကိုယ်ထည်သည် ၁၄.၅ ပေါင်နှင့် Zero S ၏ကိုယ်ထည် မှာ ၂၂ ပေါင်သာ
အလေးချိန်ရှိသည်။
Zero
X အမျိုးအစားသည် ရပ်ထားရာမှ ၂စက္ကန့်အတွင်း မိုင်၃၀ နှုန်းသို့ရောက်အောင်
မြှင့်တင်နိုင်ကာ Torque Power 50 ft/lb ကျော်အထိရှိသည်။ ၎င်းမှာ
ဓါတ်ဆီလောင်စာသုံး အင်ဂျင်ပါဝါ ၂၅၀ စီစီရှိ Off-road
မော်တော်ဆိုင်ကယ်တစ်စီး၏ ပါဝါနှင့် ညီမျှသော စွမ်းရည်ပင်ဖြစ်သည်။ Zero
မော်တော်ဆိုင်ကယ်များသည် အလွန်ပေါ့ပါးအောင် တည်ဆောက်ထားသောကြောင့်
Power-to-weight အချိုးတွင် လက်ရှိ ဈေးကွက်တွင်ရှိသော မော်တော်ဆိုင်ကယ်
အားလုံးထက် သာလွန်ကောင်းမွန်သည်။
2012
မော်ဒယ်များတွင် သိသာသော အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ပြီး Zero S နှင့်
Zero DS မော်ဒယ်များတွင် ယခင်အသုံးပြုထားသော Brush Motor များအစား
နည်းပညာပိုမိုမြင့်သည့် Brushless PMAC (permanent magnet alternating
current) motors ဖြင့် အစားထိုးလိုက်သည်။ ထို့ပြင် ဘက်ထရီများကိုလည်း
အဆင့်မြှင့်တင်လိုက်ကာ ယခင် 4.2 kwh ဘက်ထရီ များအစား 6 kwh နှင့်
သီးသန့်ရွေးချယ်နိုင်သော 9kwh ဘက်ထရီ များဖြင့် လဲလှယ်လိုက်သည်။
အကျိုးဆက်အဖြစ် ယခင်က အားတစ်ကြိမ်သွင်းထားလျှင် ၄၂ မိုင်မောင်းနှင်
နိုင်ရာမှ ၁၁၄ မိုင်ထိ သွားလာနိုင်လာသည့်အပြင်
အမြင့်ဆုံးမောင်းနှင်နိုင်သည့် မြန်နှုန်းမှာလည်း ၆၀ မိုင်နှုန်းကျော်မှ ၈၀
မိုင်နှုန်းကျော်အထိ တိုးတက်လာသည်။ အထူးစီမံပြုလုပ်ထားသည့် Fully
Automatic Charger ကလည်း ဘက်ထရီအားသွင်းရာတွင် Cell တစ်ခုချင်းစီကို
အမြဲစောင့်ကြည့်ကာ အထိရောက်ဆုံး အားသွင်းပေးသည့် စံနစ်ဖြင့် အားပြည့်လျှင်
အလိုအလျောက် ရပ်တန့်ပေးကာ နာရီများစွာ အားသွင်းသည်ဖြစ်စေ အကယ်၍
ခရီးသွားသည့် အခါမျိုး၌ ရက်မှလ အထိ အားသွင်းထားသည်ဖြစ်စေ ဘက်ထရီကို
မထိခိုက်စေရန် ပြုလုပ်ထားသည်။ ဘက်ထရီ၏ သက်တမ်းကိုလည်း ၃၀၆၀၀၀ မိုင်
သို့မဟုတ် Charging Cycle 3000 ထိရရှိမည်ဆိုသည်။ အားသွင်းချိန်မှာ Standard
Charger ဖြင့် ၆နာရီခန့်ဖြစ်ပြီး 2x Quick charger ဖြင့်သွင်းလျှင် ၃နာရီ
4x Quick Charger ဖြင့်သွင်းလျှင် ၁.၈ နာရီခန့်သာ ကြာမြင့်မည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုမှ
ထုတ်လုပ်သော အဆိုပါ မော်တော်ဆိုင်ကယ်များသည် ကမ္ဘာ့အကျွမ်းကျင်ဆုံး
အလူမီနီယံ ဂဟေဆက် ပညာရှင်များ၏ စံနစ်တကျ အသေးစိတ် တည်ဆောက်မှု၊
ခိုင်ခန့်မှုကို ရာနှုန်းပြည့် အာမခံနိုင်သည့် အဆင့်မြင့် နည်းပညာများ
အထပ်ထပ် စစ်ဆေးမှုများဖြင့် ပြုလုပ်ထားခြင်းဖြစ်ရာ မြင့်မားသော ပါဝါ
၊ဆူညံမှုကင်းမဲ့ပြီး အသန့်ရှင်းဆုံး Energy နှင့် အဆန်းသစ်ဆုံးနည်းပညာ
တို့ကိုအသုံးပြုထားသည့် အနာဂါတ် မော်တော်ဆိုင်ကယ် ဈေးကွက်၏
စံပြနမူနာများပင်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ကိုငယ် (မန္တလေး)
No comments:
Post a Comment