Friday, June 15, 2012

New York မြို့အတွက် Google ၏ မောင်းသူမဲ့ Taxi များ





ပြီးခဲ့သည့် လပိုင်းအတွင်းက အင်တာနက် နှင့် အိုင်တီနည်းပညာ ကုမ္ပဏီကြီး Google သည် အမေရိကန်ပြည်ထောင်စု New York မြို့တော်ဝန်နှင့် မြို့တော်တွင်း၌ မောင်းသူမဲ့ Taxi များ အသုံးပြုရေးအတွက်  သဘောတူညီချက် လက်မှတ်ရေးထိုး ခဲ့ကြသည်။ မြို့တော်ဝန်ရုံးမှ ပြောခွင့်ရသူ အဆိုအရ ၂၀၁၄ ခုနှစ်တွင် မောင်းသူမဲ့ Taxi စီးရေ ၅၀၀၀ အထိ ပြေးဆွဲမည်ဟုသိရသည်။ ၂၀၁၀ ခုနှစ်မှ စတင်၍ လူထုကြားသို့ စတင် မိတ်ဆက်ပေးခဲ့သော အဆိုပါ မောင်းသူမဲ့ မော်တော်ယာဉ် နည်းပညာ သည် ယခုအခါ Nevada ပြည်နယ်တွင် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ မြို့တွင်းလမ်းများ ပေါ်တွင် မောင်းနှင်သွားလာရန် ခွင့်ပြုပြီးဖြစ်သည်။ New York Taxi and Limousine ကော်မရှင်မှ အဆိုပါ မောင်းသူမဲ့ Taxi များတွင် ATM စက် Food Vending Machine နှင့် ပိုမိုအဆင့်မြင့်ကောင်းမွန်သော ဖျော်ဖြေရေး အစီအစဉ်များပါရှိမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။




New York မြို့တော်အတွင်း အသစ်ထည့်သွင်းအသုံးပြုမည့် အဆိုပါ Taxi များကို Zipper ဟု အမည်ပေးထားပြီး အဆိုပါအုပ်စုအတွင်းမှ တစ်စီးချင်းကိုမူ Zippie ဟုခေါ်ဆိုနိုင်သည်။ အကယ်၍ Zipper များကိုသာ အသုံးပြုပြေးဆွဲပါက New York မြို့တွင်းတွင် ယခင်ပြေးဆွဲနေသည့် Taxi အရေအတွက်ထက် ပိုမိုလျော့နည်းစွာ ပြေးဆွဲနိုင်မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်း မောင်းသူမဲ့ ကားများသည် ဒရိုင်ဘာတစ်ဦး မောင်းနှင်သည်ထက် ပိုမို ထိရောက်လျှင်မြန်စွာ မောင်းနှင်သွားလာနိုင်ပြီး စီးနင်းသူကို ၅၀% ပိုမိုလျှင်မြန်စွာ ၀န်ဆောင်မှုပေးနိုင်မည် ဖြစ်သောကြောင့် ဟုဆိုသည်။

အဆိုပါ Zipper များကို အသုံးပြုပုံမှာ ရှိရင်းစွဲ Taxicab များကို အသုံးပြုသည့် ပုံစံအတိုင်းပင်ဖြစ်သည်။ ၎င်းတို့ကို  ရပ်တန့်ပေးရန် အချက်ပြတားနိုင်သည်။ Zippie ဟုခေါ်သည့် Android ဖုန်းများ၏ Application ကိုအသုံးပြု၍ ခေါ်ယူနိုင်သည်။ ထို့ပြင် မြို့တွင်း နေရာ တော်တော်များများတွင် တပ်ဆင်ထားမည့် +1 ဟုရေးသားထားသည့် အနီရောင် ခလုတ်ခပ်ကြီးကြီး ကိုနှိပ်၍လည်း ခေါ်ယူနိုင်သည်။ သင်သည် ကားတွင်းသို့ ရောက်ရှိ နေရာယူပြီးသွားပါက Zippie ၏ G-Phone ကိုအသုံးပြု၍လည်းကောင်း သင်၏ စမတ်ဖုန်းကိုအသုံးပြု၍ Zippie ဖြင့် G-Chat ပြုလုပ်၍၎င်း သင်သွားလိုသည့် နေရာကို ပြောပြနိုင်သည်။ ထို့နောက် Zippie မှသင်သွားလိုရာ နေရာသို့ အဆင်ပြေချောမွေ့စွာ ပို့ဆောင်ပေးမည်ဖြစ်သည်။ အခြားနိုင်ငံများမှ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများအတွက်လည်း English ကို အထူးကျွမ်းကျင်တတ်မြောက်ရန် မလိုအပ်ပေ။ Zippie ၏ G-Phone သည် ယခုလက်ရှိတွင်ပင် ဘာသာစကား ၈၀ ကျော်ကို နားလည်လက်ခံ နိုင်သောကြောင့်ဖြစ်သည်။


Zippie များအားလုံးသည် Electric နှင့် Bio Fuel နှစ်မျိုးစပ် အသုံးပြုထားသည့် မော်တော်ကားများ ဖြစ်ကြကာ စီးနင်းလိုက်ပါသူတို့ အတွက် လိုအပ်မည့်ကိစ္စများကို  အဆင်ပြေချောမွေ့စေရန် ဖြည့်ဆည်းပေးနိုင်ကြပေရာ နောင်တစ်ချိန်တွင် New York မြို့၏သမားရိုးကျ Taxi များမှာ မှေးမှိန်သွားဖွယ်ရှိနေသည်။ Google မှ Zippie ကားများအား ATM ငွေထုတ်စက် တပ်ဆင်ထားရုံသာမက ရှေ့ခန်းနှင့် နောက်ခန်းကို ပိုင်းခြားထားသည့် နေရာတွင်တပ်ဆင်ထားသည့် စက်မှ Mouth wash ဆေးရည် (သို့မဟုတ်) Mascara (သို့မဟုတ်)  Condom စသည်များနှင့် ယုတ်စွအဆုံး NY Slice စသည့် ပူပူနွေးနွေးစားနိုင်သည့် စားစရာမျိုးပင် ၀ယ်ယူရရှိနိုင်မည်ဟုဆိုသည်။ Google ၏အဆိုအရ အဆိုပါ Vending Machine များသည် နေ့ခင်းဆိုလျှင် နေ့ခင်း လိုအပ်ချက်အလိုက် ညဆိုလျှင်လည်း ညလိုအပ်ချက်အလိုက် နှင့် ထို့ပြင် ရာသီအလိုက်ပါ လိုအပ်ချက်များအလိုက် အသုံးပြုသူများလိုအပ်ချက်နှင့် ကိုက်ညီအောင် ပြောင်းလဲရောင်းချသွားမည် ဟုဆိုသည်။ ထို့ပြင် ခရီးသည်များ သန့်ရှင်းမှုနှင့် အနံ့အသက်များကင်းစင်စွာ စိတ်ချမ်းသာ လက်ချမ်းသာ စီးနင်းနိုင်ရန် မြင်းကောင်ရေ ၁၂ကောင်အားရှိ ဖုန်နှင့် အနံ့အသက်ဆိုးများ အပြင် ကျန်ရှိခဲ့သည့် အမှိုက်များကိုပါ ဖယ်ရှားပေးနိုင်သည့် Vaccum Cleaner နှင့် မိမိဘာသာ သန့်ရှင်းရေးပြုလုပ်နိုင်သည့် စံနစ်များ တပ်ဆင်ထားသည်။ ခရီးသည် ထွက်ခွာသွားသည့် အခါတိုင်း အဆိုပါစံနစ်ဖြင့် အမြဲသန့်ရှင်းနေအောင် ပြုလုပ်သွားမည်ဖြစ်သည်။

New York မြို့တော်ဝန် Michael Bloomberg က ယခုကဲ့သို့ ဖော်ဆောင်ခဲ့သည့် Project နှင့် စပ်လျဉ်း၍ ပြောကြားရာတွင် New York မြို့သည် ကမ္ဘာ့ အကြီးကျယ်ဆုံး မြို့တစ်မြို့ဖြစ်သည့် အားလျော်စွာ Taxi စံနစ်များကိုလည်း ခေတ်နှင့် လျော်ညီစွာ ထင်ဟပ်သုံးစွဲနိုင်စေရန် အဆိုပါ Project ကို အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်းနှင့် အကယ်၍ အဆိုပါ Taxi များကို သုံးစွဲသူ ပိုမိုများပြားလာပါက ထပ်မံဝယ်ယူ အားဖြည့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ Google ၏ မောင်းသူမဲ့ Taxi များကိုအသုံးပြုလာခြင်းဖြင့် New York မြို့သည် ရေရှည်တွင် Taxi များအတွက် အသုံးပြုရသည့် ကုန်ကျစရိတ် လျော့နည်းလာမည်ဖြစ်သော်လည်း မြို့သူမြို့သားများအတွက်မူ Taxi အတွက် ကျသင့်ငွေ ၂၀ % ခန့်မြင့်တက် သွားနိုင်ဖွယ် ရှိပါသည်။ သို့ရာတွင် ကောင်းကွက် တစ်ခုမှာ Taxi Driver အတွက်ပေးရသည့် Tip Money အတွက် ကုန်ကျရန် မလိုတော့ခြင်းပင်ဖြစ်ပေသည်။


ကိုငယ် (မန္တလေး)




No comments:

Post a Comment