Wednesday, May 30, 2012

စီးပွားရေးလုပ်ငန်းများ အတွက် Tablet ကွန်ပျူတာများ





မြို့ပြနေလူထုအတွင်း Tablet PC များ၏ အခန်းကဏ္ဍမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကျယ်ပြန့်၍လာနေပါသည်။ သက်တောင့်သက်သာ ဖြင့် ဆိုဖာပေါ်တွင် ထိုင်ရင်း အင်တာနက်ကြည့်ရှုရန် အတွက်လည်းကောင်း၊ သွားရင်းလာရင်း အီးမေးစစ်ရန်အတွက်လည်းကောင်း၊ ရုပ်ရှင်ကြည့် သီချင်းနားထောင် ဂိမ်းကစားခြင်း စသည့် ဖျော်ဖြေရေး ကိစ္စများကို အတန်သင့်ကြီးမားသော Screen တစ်ခုပေါ်တွင် ကြည့်ရှုခံစားရန် အတွက်လည်းကောင်း အသုံးပြုကြသူများ ရှိသကဲ့သို့ အဆိုပါ Tablet များ၏ လွယ်ကူပေါ့ပါးစွာ အသုံးပြုနိုင်မှု ယနေ့ခေတ် မီဒီယာမျိုးစုံကို ထည့်သွင်း အသုံးပြုနိုင်မှု တွက်ချက်နိုင်မှုစွမ်းရည် မြင့်မားမှု စသည့် အားသာချက် အမျိုးမျိုးကို အသုံးချ၍ စီးပွားရေး လုပ်ငန်းများတွင်ပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေကြသည်ကို တွေ့လာရသည်။  ၎င်း Tablet များကို စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိကြပုံကို အနည်းအကျဉ်းမျှ တင်ပြပါမည်။



 Sales & Promotion



United States မှ Level 3 အမည်ရှိ Telecom ကုမ္ပဏီသည် Tablet အလုံးပေါင်း ၁၃၀၀ ကျော်ကို ၎င်း၏ အရောင်းဝန်ထမ်းများအား ဖြန့်ဝေပေးခဲ့သည်။ ၎င်းတို့ကို အသုံးပြု၍ Customer များအား ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများ ပေးနိုင်ရန် Customer ဖြစ်လာနိုင်ခြေရှိသည့် သူများအား ပိုမိုထိရောက်သော အရောင်းမြှင့်တင်ရေးများ ပြုလုပ်သွားနိုင်ရန်ဖြစ်သည်။ Tablet များသည် Laptop PC များထက် နယ်ပယ်အသီးသီးရှိ အရောင်းဝန်ထမ်းများအဖို့ ပိုမိုအသုံးပြုရန် လွယ်ကူရုံမျှမက Customer များနှင့် ဆက်ဆံပြောဆိုရာတွင် နှစ်ဦးစလုံးအတွက် သက်သောင့်သက်သာများစွာရှိစေပြီး Customer (သို့) အလားအလာ ရှိသူတစ်ဦးအား မိမိထုတ်ကုန်အကြောင်း ရှင်းလင်းပြောဆိုရန် လိုအပ်သမျှ အချက်အလက်အားလုံးကို တစ်စုတစ်စည်းတည်း ကျစ်လစ်စွာ ရရှိနိုင်ခြင်းက ကြီးစွာသော အသုံးဝင်မှုပင်ဖြစ်သည်။ စင်ကာပူနိုင်ငံရှိ နာမည်ကျော် ချန်ဂီ လေဆိပ်တွင် လေဆိပ်တွင်း ၀န်ဆောင်မှုပေးသော ၀န်ထမ်းများသည် ခရီးသည်များ၏ လိုအပ်သမျှ သတင်းအချက်အလက်များကို iPad များအသုံးပြု၍ လျှင်မြန်လွယ်ကူစွာ ဆောင်ရွက်ပေးနေကြသည်မှာ နှစ်အနည်းငယ်ပင်ရှိခဲ့ပြီ ဖြစ်သည်။
Board Rooms

ကုမ္ပဏီတစ်ခု၏ ဘုတ်အဖွဲ့ ဒါရိုက်တာများ  အစည်းအဝေးတစ်ခုအတွက် အစဉ်အလာအတိုင်း ပြင်ဆင် ဆောင်ရွက်ရသည့် စာရွက်စာတမ်းများ အစီရင်ခံစာများ စသည်တို့၏ လွန်စွာများပြားထူထဲလှသည့် စာရွက်စာတမ်းများအား Tablet တစ်လုံးတည်းနှင့် အစားထိုးလိုက်နိုင်သည်ကို ကုမ္ပဏီ အများအပြား သိရှိလာကြပြီဖြစ်သည်။ Boardvantage ကဲ့သို့သော Application မျိုးဖြင့် အစည်းအဝေး အစီအစဉ်များ အချိန်နှင့် တပြေးညီကြည့်ရှုနိုင်ခြင်း ဒါရိုက်တာများအတွက် လိုအပ်သမျှ အချက်အားလုံးကို စုစည်းတင်ပြနိုင်ခြင်း၊ ဒါရိုက်တာများ၏ မှတ်ချက်များ အကြံပြုချက်များ အီးမေးများ စသည်တို့ကိုလည်း Digital နည်းဖြင့် Encryption ပြုလုပ်ကာ အပြန်အလှန် ပေးပို့နိုင်ခြင်း၊  ခွင့်ပြုချက်တောင်းခံခြင်း ခွင့်ပြုချက်ပေးပို့ခြင်း စသည်တို့ကိုလည်း လုံခြုံရေးအဆင့်မြင့်မားစွာ ဆောင်ရွက်နိုင်ခြင်း၊ ဘုတ်အဖွဲ့၏ ပြင်ဆင်ချက် ပြောင်းလဲချက်များကိုလည်း အချိန်မရွေး Syncronization ပြုလုပ်ကာ သိရှိနိုင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်သည်။




Customer Use


မကြာသေးခင်က အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သော Royal Caribbean အပျော်စီး သဘောင်္ကြီးသည် လိုက်ပါစီးနင်းမည့် ခရီးသည်များကို iPad တစ်လုံးစီ ဝေငှပေးခဲ့ပြီး ၎င်းဖြင့် သဘောင်္ပေါ်တွင်ပြုလုပ်သည့် အချိန်နှင့်အမျှသော အစီအစဉ်များ၊ Digital လမ်းညွှန်မြေပုံကို အသုံးပြု၍ သဘောင်္ပေါ်တွင် အလိုရှိရာနေရာကို လွယ်လွယ်ကူကူရှာဖွေ သွားလာနိုင်ခြင်း၊ စားသောက်ဆိုင်များ၏ စာဖွယ်အဖုံဖုံတို့ကိုလည်းကောင်း၊ မိမိအတွက် တိုက်ရိုက်သက်ဆိုင်သည့် ကြော်ငြာ Promotion များကို၎င်း Interactive TV အစီအစဉ်များကိုလည်းကောင်း ကြည့်ရှုအသုံးပြုနိုင်ကြသည်။ အချို့သော စားသောက်ဆိုင်ကြီးများတွင် Menu စာရွက်များ နေရာတွင် Tablet များဖြင့် အစားထိုး အသုံးပြုလာကြသည့်အပြင် Wi-fi Network အသုံးပြု၍ စားသောက်ဖွယ်များ မှာကြားခြင်း စသည်တို့ကိုလည်း တစ်ပါတည်းပြုလုပ်နိုင်လာကြသည်။


Warehouses & Point of sales


အနည်းငယ်သော ကုမ္ပဏီများသည် ၎င်းတို့၏ ကုန်ပစ္စည်းသိုလှောင်ရာ နေရာများတွင် Tablet များကို စမ်းသပ်သုံးစွဲနေကြပြီဖြစ်သည်။ အပြည်ပြည်ဆိုင်ရာသို့ Electronic ပစ္စည်းများ တင်ပို့ရောင်းချနေသည့် Avent ကုမ္ပဏီကြီးမှ ၀န်ထမ်းများသည် ၎င်းတို့၏ ကြီးမားလှသည့် ကုန်သိုလှောင်ရုံများအတွင်း  ပစ္စည်းစာရင်း ကောက်ယူခြင်း ပေးပို့ရမည့်ပစ္စည်းများမှတ်သားခြင်း Tablet များတွင်ပါရှိသည့် ကင်မရာဖြင့် Barcode များဖတ်ရှု၍ မှတ်တမ်းပြုလုပ်ခြင်း များကို စမ်းသပ်လုပ်ဆောင်ရာ အဆင်ပြေလွယ်ကူကြောင်းသိရှိရသည်။ Point of Sale ဟုခေါ်ဆိုသည့် လက်လီအရောင်း ကောင်တာများတွင်လည်း Cash Register စက်များနေရာတွင် Cash Register Application များအသုံးပြု၍ ဆောင်ရွက်နိုင်လာသည်ကို တွေ့ရသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တစ်နေ့တာအရောင်းစာရင်းများကို လွယ်ကူစွာ ကောက်ယူမှတ်သားနိုင်ရုံမျှမက လချုပ် နှစ်ချုပ်များကိုပါ တစ်ပါတည်း စာရင်းပြုလုပ်သွားနိုင်မည်ဖြစ်သည်။

အထက်ဖော်ပြပါ အသုံးချမှုများအပြင် အခြားသော နယ်ပယ်အသီးသီးတွင်လည်း Tablet များ၏ အသုံးဝင်မှုသည် တစ်စတစ်စ ကျယ်ပြန့်လာလျက်ရှိရာ တိုးတက်ဖွံ့ဖြိုးလာသော နည်းပညာအသီးအပွင့်များကို အသုံးချ၍ မိမိနှင့် သက်ဆိုင်ရာ နယ်ပယ်အလိုက် အကျိုးစီးပွား ဖြစ်ထွန်းစေရန် ကောင်းမွန်စွာ အသုံးချနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။



ကိုငယ် (မန္တလေး)






No comments:

Post a Comment