Saturday, May 19, 2012

Intel ၏ တတိယမျိုးဆက် Ivy Bridge ကွန်ပျူတာများ



Intel Processor ကုမ္ပဏီမှ တတိယမျိုးဆက်ဖြစ်သည့် Mobile Ivy Bridge Processor များကို စတင်ဖြန့်ချိခွင့်ပြုလိုက်သည်နှင့် တပြိုင်နက် ၎င်း Processor Chip အသုံးပြုထားသည့် Laptop များလည်း စတင်ထွက်ရှိလာပြီဖြစ်သည်။ လာမည့် လအနည်းငယ်အတွင်း Ivy Bridge Laptop Model အသစ်များစွာ ထွက်ရှိလာမည်ဟု ခန့်မှန်းနိုင်သည့်အပြင် Nvidia နှင့် AMD တို့ကဲ့သို့ Graphic Processor ကုမ္ပဏီများမှ လည်း ၎င်းတို့၏ Graphic Unit မော်ဒယ်အသစ်များ လိုက်လျောညီထွေစွာ မွမ်းမံထုတ်လုပ်သွားမည်ဖြစ်သည်။ ၎င်းမျိုးဆက် ကွန်ပျူတာမော်ဒယ်အသစ်များတွင် RAM 8GB ခန့်ကို စံတစ်ခုအနေဖြင့် ထည့်သွင်းလာဖွယ်ရှိပြီး SSD သို့မဟုတ် Harddisk နှစ်မျိုးသုံး မော်ဒယ်များဖြစ်လာနိုင်ပါသည်။

အဆိုပါ Ivy Bridge Processor များတွင် Intel ၏ နောက်ဆုံးပေါ်နည်းပညာ ဖြစ်သည့် Tri-Gate 3D transistor technology ကိုအသုံးပြုထားပြီး ယင်းနည်းပညာ ပေါ်ထွန်းလာခြင်းသည် Microprocessor များတီထွင်မှု သမိုင်းကို တစ်ခေတ်ဆန်းသစ်စေခဲ့ခြင်းဖြစ်ကြောင်း Intel မှ ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်း၏ ယခင် မော်ဒယ်ဖြစ်သော 32 Nanometer Process ဖြင့်တည်ဆောက်ထားသည့် Quad Core Sandy Bridge Processor တစ်လုံးတွင် Transistor ပေါင်း ၉၉၅ သန်းခန့် ပါရှိပြီး ယခုမော်ဒယ်အသစ် Quad Core Ivy Bridge Processor တစ်လုံးတွင် 22 Nanometer  ထိလျော့ချကာ Transistor သန်းပေါင်း ၁၄၀၀ ကျော် ထိပါရှိသည်။ အရွယ်အစားအားဖြင့်လည်း နဂို ၂၁၆ Square mm ရှိရာမှ ယခု ၁၆၀ Square mm ထိအောင် သေးကျုံ့သွားသည်။ အရွယ်အစားသေးငယ်သွားခြင်းသည် ပဓါနမကျလျင်ပင် Transistor အရေအတွက် များစွာပိုမိုပါဝင်လာခြင်းက တွက်ချက်မှု စွမ်းရည်ကိုများစွာ သာလွန်ကောင်းမွန် လာစေသည်။



Ivy Bridge Processor များသည် တွက်ချက်မှုစွမ်းရည် ပိုမိုမြင့်မားလာသည်သာမက ယခုထွက်ရှိလာသည့် Mobile Version Quad core Processor များသည် ပါဝါသုံးစွဲမှု ၂၀ ရာခိုင်နှုန်း ပိုမိုသက်သာပြီး နောက်ထပ်မံထုတ်လုပ်မည့် Ultra low Voltage Processor များတွင် ပို၍သက်သာမည်ဖြစ်သည်။ ထို့ပြင် အဆိုပါ Processor များတွင် Graphic Processing အတွက် Intel HD 4000 နှင့် Intel HD 2500 ဟူ၍ သီးသန့်တွက်ချက်မှု စံနစ်ပါဝင်ကာ ယခင်က AMD နှင့် Nvidia Graphic Processor များနှင့်သာ အသုံးပြုနိုင်သည့် Direct-X 11 ကို Support ပြုလုပ်နိုင်သည်။ HD 4000 ပါဝင်သော Chip မော်ဒယ် အမျိုးအစားများသည် ၅၀ ရာခိုင်နှုန်းအထိသော်လည်းကောင်း HD 2500 ပါဝင်သော မော်ဒယ် အမျိုးအစား များသည် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိသော်လည်းကောင်း အသီးသီး စွမ်းဆောင်ရည် မြင့်လာမည်ဖြစ်သည်။ Multi Display အသုံးပြုနေသူများအတွက်လည်း သတင်းကောင်းအဖြစ် လက်ရှိ Display နှစ်ခု တစ်ပြိုင်တည်းအသုံးပြုနိုင်ရာမှ Display သုံးခုတစ်ပြိုင်တည်း အသုံးပြုနိုင်လာတော့မည် ဖြစ်သည်။

ဈေးကွက်အတွင်း အဆိုပါ Intel ၏ တတိယမျိုးဆက် Ivy Bridge ကွန်ပျူတာများကို Processor Series 3XXX အမည်များဖြင့် အလွယ်တကူ ခွဲခြားသိရှိနိုင်သည်။ ယခုထွက်ရှိလာသည့် Quad Core-i Processor များကို စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သော ဘက်ထရီသက်တမ်း ပိုမိုကြာရှည်ခံသော ကွန်ပျူတာများအဖြစ် ရှုမြင်ထားနိုင်သကဲ့သို့ လာမည့် ဇွန်လတွင် ၎င်းတို့ထက် ပိုမို Power အသုံးပြုမှုသက်သာသည့် Dual Core-i Processor များလည်း ဆက်လက်ထွက်ရှိလာမည်ဖြစ်သည်။ ပထမဆုံး အသုတ်အဖြစ် ထွက်ရှိလာသည့် Ivy Bridge Processor အသုံးပြုထားသည့် Laptop မော်ဒယ်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါသည်။




Acer မှ V3 Series အဖြစ် ၁၄ လက်မ နှင့် ၁၅.၆ လက်မ Screen Size အရွယ်အစားရှိ Laptop Model နှစ်မျိုးကို ထုတ်လုပ်လိုက်ပါသည်။ နှစ်မျိုးစလုံးတွင် 2.3 GHz Core i7-3610QM Processor ကိုအသုံးပြုထားပြီး 8 GB RAM, Nvidia GeForce GT 640M graphics (2GB DDR3) နှင့်  750GB HDD တို့ပါရှိသည်။ ဈေးနှုန်းကို သင့်တင့်စွာ သတ်မှတ်ထားပြီး ၁၄ လက်မ မော်ဒယ်အတွက် စင်ကာပူဒေါ်လာ ၁၁၉၈ ဖြစ်သည်။ 






Asus တွင် N-Series Laptop များကို ၁၄ လက်မ ၁၅.၆ လက်မနှင့် ၁၇.၃ လက်မ အရွယ်အစားများဖြင့် တွေ့ရသည်။ ၁၇.၃ လက်မ အရွယ် N76VZ သည် External Subwoofer ပါဝင်ပြီး Nvidia GeForce GT 650M (2GB DDR3) Graphic Accelator ကိုအသုံးပြုထားကာ Full HD LED Display (1920x1080)  ဖြစ်သည်။

၁၅.၆ လက်မ အရွယ် N56VZ တွင် တူညီသော Graphic Accelator နှင့် (1366x768) Display အသုံးပြုထားသည်။ နောက်ဆုံး ၁၄ လက်မ အရွယ် N46VZ တွင် စွမ်းဆောင်ရည် အနည်းငယ် လျော့သည့် GeForce GT 635M ကိုအသုံးပြုထားသည်။  ၎င်း Series မော်ဒယ် အားလုံးတွင် Intel Core i7-3610QM (2.3GHz) processor ကိုအသုံးပြုထားသည်။ ထို့ပြင် Asus မှ သာမာန် Multimedia ဖျော်ဖြေရေးအသုံးအတွက် K45VM (၁၄လက်မ) နှင့် K55VM (၁၅.၆ လက်မ) မော်ဒယ်နှစ်မျိုးကိုလည်း ထပ်မံထုတ်လုပ်ထားပြီး GeForce GT 630M graphics နှင့် 1366x768 Display ကိုအသုံးပြုထားကာ Intel Core i7-3610QM (2.3GHz) processor ကိုပင် အသုံးပြုထားသည်။ ယခင်ထွက်ရှိထားသည့် Ultrabook Series များထဲမှ အချို့သော မော်ဒယ်များကိုလည်း Ivy Bridge Processor ဖြင့် မွမ်းမံတပ်ဆင်ကာ Update မော်ဒယ်များအဖြစ် လာမည့် ဇွန်လခန့်တွင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကိုငယ် (မန္တလေး)




No comments:

Post a Comment