နိုင်ငံတစ်ခုတွင် ဖွံ့ဖြိုးတိုးတက်သော ခေတ်နှင့်စံနစ်သို့ ပြောင်းလဲရောက်ရှိလာသည်နှင့်အတူ မပါမဖြစ် တွဲလျက်လိုက်ပါ လာရသည်က electronic commerce ခေါ် သတင်းနှင့်ဆက်သွယ်ရေး နည်းပညာသုံး စီးပွါးရေး အခြေပြုလုပ်ငန်းများ ဖြစ်သည်။ ကျယ်ပြန့်လှသည့် e-commerce လုပ်ငန်းများအတွင်းမှ အများပြည်သူနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရသော ၎င်းတို့၏ တစ်စိတ်တစ်ဒေသဖြစ်သည့် စိတ်ဝင်စားဖွယ် အင်တာနက်တွင် ဈေးဝယ်ခြင်း (သို့) ဈေးရောင်းခြင်း လုပ်ငန်းများအကြောင်း အနည်းငယ် ဖော်ပြလိုပါသည်။
အင်တာနက်ပေါ်တွင်
ဈေးဝယ်ခြင်း ဆိုသည်မှာ ပစ္စည်းရောင်းချသူနှင့် ပစ္စည်းဝယ်ယူသူအကြား
ကြားတစ်ဆင့်ခံ ပြန်လည်ရောင်းချသူ မပါဘဲ တိုက်ရိုက် ဆက်သွယ်
ရောင်းချနိုင်သည့် e-commerce ၏ အသွင်သဏ္ဍန်တစ်မျိုးပင်ဖြစ်သည်။ ထိုသို့သော
တိုက်ရိုက် စားသုံးသူထံ ရောင်းချသည့် စံနစ်ကို Business-to-consumer (B2C)
online shopping ဟုခေါ်ဆိုပြီး အကယ်၍ စီးပွားရေး လုပ်ငန်းစုတစ်ခုထံမှ
အခြားစီးပွားရေး လုပ်ငန်းစုတစ်ခုက ၀ယ်ယူပါက Business-to-Business (B2B)
online shopping ဟုခေါ်ဆိုသည်။
အကျိုးကျေးဇူးများ
အင်တာနက်မှ
ရောင်းချသော ဆိုင်များသည် ၂၄နာရီပါတ်လုံး ဖွင့်လှစ်ထားရှိကာ အင်တာနက်
အသုံးပြု၍ ရသည့်အချိန်တိုင်းတွင် ၀ယ်ယူနိုင်ပေသည်။ ရိုးရိုး
စတိုးဆိုင်တစ်ခုသို့ သွားရောက်ဝယ်ယူခြင်းမှာမူ သွားရောက်ရမည့် ခရီးနှင့်
ဆိုင်ဖွင့်ချိန်ကန့်သတ်ချက်တို့ ရှိနိုင်ပါသည်။ ထို့ပြင် အင်တာနက်မှ
ဈေးရောင်းချသော ၀က်ဆိုက် များတွင် ကုန်ပစ္စည်း၏ အကြောင်းအရာ အသေးစိတ်
ပြည့်ပြည့်စုံစုံကို ဖတ်ရှုနိုင်ခြင်း ဈေးနှုန်းများကို
နှိုင်းယှဉ်ကြည့်ရှုနိုင်ခြင်း စသည်တို့အပြင်
ယခင်က၀ယ်ယူအသုံးပြုဘူးသူများမှ ၎င်းတို့၏ ကုန်ပစ္စည်းအပေါ်ထင်မြင်ချက်များကို
ရေသားထားသည်တို့ကိုလည်း လေ့လာကြည့်ရှုနိုင်ပါသည်။ ဖွံဖြိုးတိုးတက်သော
နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းအများစုသည် ပြင်ပ အရောင်းဆိုင်များထက်
အွန်လိုင်းမှ ၀ယ်ယူခြင်းက များစွာကုန်ကျစရိတ် လျော့ချနိုင်သည့်အပြင်
ကမ္ဘာနှင့်အ၀ှမ်းဆက်ဆံနိုင်သဖြင့် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနေကြသည်ကို
တွေ့ရပါသည်။ အချို့သော ၀က်ဆိုက် အရောင်းဆိုင်များတွင် ပြင်ပအရောင်းဆိုင်
များကဲ့သို့ အရောင်းကိုယ်စားလှယ်များနှင့် တိုက်ရိုက်စကားပြောဆိုနိုင်ခြင်း
သို့မဟုတ် မိမိသိလိုသည့် အချက်အလက်များကို စာရေးသား၍
ဆက်သွယ်မေးမြန်းနိုင်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ
ဝန်ဆောင်မှုပေးခြင်းတို့ကို တွေ့နိုင်ပါသည်။
အင်တာနက်မှ
ဈေးဝယ်ယူရန် လိုအပ်ချက်များအနေဖြင့် အင်တာနက်နှင့်ချိတ်ဆက်ထားသော
ကွန်ပျူတာ တစ်လုံး သင်ဝယ်ယူလိုသည့် ၀က်ဆိုက်များမှလက်ခံနိုင်သည့်
ငွေပေးချေမှုပုံစံတစ်မျိုးမျိုး နှင့် ၀ယ်ယူသည့်ပစ္စည်း လက်ခံရယူနိုင်သည့်
စာတိုက်ဝန်ဆောင်မှုလက်လှမ်းမှီရာ လိပ်စာတစ်ခု ရှိရန်လိုအပ်ပါသည်။
ငွေပေးချေမှုပုံစံ တစ်မျိုးမျိုးဟုဆိုရာတွင် အွန်လိုင်းဈေးဝယ်သူအများစုသည်
အကြွေးဝယ်ယူခွင့် ကဒ်များ (Credit Cards) ကိုအသုံးပြုကြပြီး အခြားသော
ငွေပေးချေမှုပုံစံများအဖြစ် တယ်လီဖုန်းဘီလ်တွင် ထည့်သွင်းပေါင်းတွက်ခြင်း၊
Cash-On-Delivery (C.O.D) ခေါ် ပစ္စည်းပို့ဆောင်သည့် အချိန်တွင် ပေးချေခြင်း၊
ချက်လက်မှတ်ဖြင့် ပေးချေခြင်း၊ Debit Card ခေါ်
အကြွေးဝယ်ခွင့်ကဒ်ပြားကဲ့သို့အသုံးပြုနိုင်ပြီး ငွေကြိုတင်ဖြည့်သွင်းထားရန်
လိုအပ်သည့်ကဒ်ဖြင့် ပေးချေခြင်း၊ Gift Cards ခေါ် လက်ဆောင်ကဒ်များဖြင့်
ပေးချေခြင်း၊ စာတိုက် Money Order ဖြင့်ပေးချေခြင်း တို့ဖြင့်လည်း
အလျဉ်းသင့်သလို ပေးချေနိုင်ပါသည်။
အင်တာနက်မှဈေးဝယ်ယူရာတွင်
သတိပြုရန် အချက်တစ်ချို့မှာ မိမိဝယ်ယူလိုသည့် ၀က်ဆိုက်သည်
ခိုင်မာမှုရှိမရှိ (၎င်းကို အသုံးပြုဘူးသူများ၏ မှတ်ချက်များကို
ကိုးကားနိုင်ပါသည်)။ မိမိ၏ တစ်ကိုယ်ရည် အချက်အလက်များ လုံခြုံရေးကို
ဂရုပြုအလေးပေးခြင်းရှိမရှိ။ လုံခြုံရေးနှင့်ပါတ်သက်သည့် ပေါ်လစီများကို
လိုအပ်၍ဖတ်ရှုလိုပါက ဖတ်ရှုနိုင်ခြင်းရှိမရှိ။ စတင်တည်ထောင်သည့်ခုနှစ်နှင့်
ကုမ္ပဏီ မှတ်ပုံတင်ထားခြင်း ဆိုင်ရာ
အချက်အလက်များကြည့်ရှုနိုင်ခြင်းရှိမရှိ။
အကယ်၍ပစ္စည်းပြန်လည်လဲလှယ်ရန်လိုအပ်ပါက မည်သို့ ဆောင်ရွက်ပေးမည်ကို
အသေးစိတ်ပြဌာန်းထားချက်များ။ ၎င်းတို့ကိုဆက်သွယ်ရန် ဖုန်းနံပါတ်နှင့်
နေရပ်လိပ်စာ များ အပြည့်အစုံရှိမရှိ စသည်တို့ကို လေ့လာထားရန်လိုအပ်ပေသည်။
အချုပ်ဆိုသော်
တိုးတက်ဖွံဖြိုးလာသော ခေတ်စံနစ်နှင့် လျော်ညီစွာ အွန်လိုင်း ဈေးဝယ်ခြင်း
ယဉ်ကျေးမှု သည်လည်း ထွန်းကားကျယ်ပြန့်လာရတော့မည်ဖြစ်ရာ အန္တရယ်ကင်းစွာ
လုံခြုံဘေးကင်းစွာဖြင့် အချိန်ကုန်သက်သာ ငွေကုန်သက်သာသော နိုင်ငံတွင်းသာမက
အပြည်ပြည်ဆိုင်ရာနှင့်ပါ ချိတ်ဆက်၍ မိမိအလိုရှိရာ ရှာဖွေဝယ်ယူနိုင်သော
အွန်လိုင်းဈေးကွက်ကြီးတစ်ရပ် အမြန်ပေါ်ထွန်းလာစေရန်
ဆန္ဒပြုရေးသားလိုက်ရပါသည်။
ကိုငယ် (မန္တလေး)
No comments:
Post a Comment