ဓါတ်ပုံ နှင့် ဗီဒီယို ၀ါသနာရှင်များအကြား ယခုနှစ်များအတွင်း ရေပန်းစားလာသော ကင်မရာ တစ်မျိုးမှာ Mirrorless Interchangeable Lens Camera ဟု ခေါ်ဆိုနေကြသည့် ကင်မရာ စံနစ်အသစ် တစ်မျိုးပင်ဖြစ်ပါသည်။ အဆိုပါ ကင်မရာ စံနစ်အကြောင်းကို ကြားဖူး ပြောဆိုဖူးကြသည်ဖြစ်သော်လည်း လူအများစုမှာ အထူးသဖြင့် တတ်သိကျွမ်းကျင်သူ ပညာရှင်မဟုတ်သောသူများ သမားရိုးကျ ဓါတ်ပုံ ဗီဒီယိုဝါသနာရှင်များမှာ ၎င်းမှာမည်သည့် စံနစ်မျိုးဖြစ်သည် မည်ကဲ့သို့သော စွမ်းဆောင်ရည်များရှိသည်ကို တိတိကျကျ သိရှိကောင်းမှ သိရှိကြမည်ဖြစ်ပါသည်။ ယခု ဤဆောင်းပါးတွင် အဆိုပါ ကင်မရာ စံနစ်အကြောင်းနှင့် ၎င်းတို့၏ အားသာချက် အားနည်းချက်များကို အကျဉ်းမျှ ဖော်ပြသွားပါမည်။
Mirrorless
Interchangeable Lens Camera System (MILC) သည် လွန်ခဲ့သော ၄နှစ်ခန့်မှ
စတင်ခဲ့သော နည်းပညာ အသစ်ဖြစ်ကာ ကင်မရာထုတ်လုပ်သူ အင်အားကြီးအုပ်စုများ
ပါဝင်လာခဲ့ပြီးသည့်နောက် ၂၀၁၁ ခုနှစ်အတွင်တွင် အလွန်ရေပန်းစား
ထင်ရှားလာခဲ့ပါသည်။ ကင်မရာ လောကအတွင်း၌ပင် တိကျသော အမည်နာမ
မသတ်မှတ်နိုင်သေးသည့် အဆိုပါကင်မရာများကို Compact System Camera (CSC)
ဟူ၍၎င်း Mirrorless System Camera (MSC) ဟူ၍၎င်း Digital Single Lens Mirrorless
(DSLM) ဟူ၍၎င်း Electronic viewfinder with Interchangeable Lens Camera
(EVIL) စသည်ဖြင့် အမျိုးမျိုးခေါ်ဆိုသည်ကို တွေ့နိုင်ပါသည်။
နားလည်ရလွယ်ကူစေရန် ပြောဆိုရလျှင် အဓိက အသုံးအများဆုံး ကင်မရာ
အမျိုးအစားများ ဖြစ်သည့် DSLR (Digital Single Lens Reflex) ပရောဖက်ရှင်နယ်
ကင်မရာများနှင့် အိတ်ဆောင် Digital Compact ကင်မရာများ ၂မျိုးကြားရှိ
လစ်ဟာနေသော ကွက်လပ်ကိုဖြည့်ပေးမည့် ကင်မရာ အမျိုးအစားဟု သတ်မှတ်နိုင်ပါသည်။
DSLR ကင်မရာကြီးများသည် ကောင်းမွန်သော ဓါတ်ပုံ အရည်အသွေး ကိုရရှိစေရုံသာမက အလွန်လျင်မြန်စွာ ရိုက်ကူးနိုင်ခြင်း မှန်ဘီလူးများ လဲလှယ်တပ်ဆင် အသုံးပြုနိုင်ခြင်း စသည်တို့သည် ဓါတ်ပုံရိုက်ကူးသူအဖို့ စိတ်တိုင်းကျ ဖန်တီးရိုက်ကူးနိုင်စွမ်းကို များစွာအထောက်အကူပြုပါသည်။ သို့ရာတွင် ၎င်းကင်မရာကြီးများ၏ ၀န်ကျယ်မှု လေးလံ ကြီးမားမှုက အသုံးပြုသူအဖို့ ခက်ခဲပင်ပန်းမှုကို ဖြစ်စေပါသည်။ အိတ်ဆောင် ဒစ်ဂျစ်တယ် ကင်မရာငယ်လေးများမှာမူ လွယ်ကူစွာ သယ်ဆောင် အသုံးပြုရိုက်ကူးနိုင်သော်လည်း ၎င်းတို့၏ သေးငယ်သော Sensor အရွယ်အစားနှင့် သေးငယ်သော မှန်ဘီလူးက ဓါတ်ပုံအရည်အသွေးနှင့် ဖန်တီးရိုက်ကူးနိုင်မှုတွင် DSLR များကို မှီရန် များစွာဝေးကွာသွားစေပါသည်။ ၎င်း ကွက်လပ်ကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်လျက် ၂၀၀၈ ခုနှစ်တွင် Mirrorless Interchangeable Lens ကင်မရာများကို DSLR များတွင်ပါဝင်သော Reflex ပြုလုပ်သည့် Mirror အပါအ၀င် Mirror house ,Focusing Screen , Prism နှင့် Viewfinder များပါဝင်သည့် အစိတ်အပိုင်းများကိုဖယ်ရှားလိုက်ကာ DSLR နီးပါး (သို့) အချို့သော ကင်မရာများတွင် တန်းတူ ကောင်းမွန်သည့် Sensor အပါအ၀င် DSLR ကဲ့သို့ပင် မှန်ဘီလူးများ လဲလှယ်တပ်ဆင်နိုင်သည့် DSLR ထက်များစွာသေးငယ်ပေါ့ပါးသော ကင်မရာတစ်မျိုးကို ဖန်တီးတည်ဆောက်ခဲ့ပါသည်။ အချို့သော အဆိုပါစံနစ်သုံး ကင်မရာများတွင် TTL (Through-The-Lens) Viewfinder နေရာတွင် Electronic Viewfinder ဖြင့်အစားထိုးတည်ဆောက် အသုံးပြုကြပြီး ၎င်းတို့ကိုမူ Electronic viewfinder with Interchangeable Lens Camera (EVIL) ဟုအသိများကြပါသည်။
၂၀၁၁
ခုနှစ်အထိ အဆိုပါ Mirrorless ကင်မရာများကို ထုတ်လုပ်သည့် ကုမ္ပဏီပေါင်း
၈ခုမှ စုစုပေါင်း ကင်မရာ စံနစ် ၆ မျိုး ထုတ်လုပ်ခဲ့သည်ကိုတွေ့ရပါသည်။ Leica
နှင့် Epson မှ the (Digital) Leica M rangefinder system ၊ Olympus နှင့်
Panasonic မှ Micro four third system ၊ Samsung မှ NX ၊ Sony မှ Alpha
NEX ၊ Nikon မှ Nikon 1 ၊ Pentax မှ Pentax Q နှင့် Pentax K-01
တို့ဖြစ်ကြသည်။ Sony မှ ၎င်းတို့၏ ကင်မရာများအတွက် E-mount Lens ၇မျိုး
Panasonic မှ ၎င်းတို့၏ G type ကင်မရာများအတွက် Lens ၁၁ မျိုး (၎င်း Panasonic
Lens များသည် Olympus မှ Pen type ကင်မရာများနှင့်ပါ
တွဲဖက်အသုံးပြုနိုင်သည်) Olympus မှ Micro four third Lens ၈မျိုး
(အပြန်အလှန်အားဖြင့် Panasonic G type ကင်မရာများနှင့် အသုံးပြုနိုင်သည်)
တို့အပြင် Samsung မှ ၎င်း NX ကင်မရာအတွက် Lens ၆မျိုးထုတ်လုပ်ထားရှိပါသည်။
ထို့ပြင် ယခင်ထုတ်လုပ်အသုံးပြုလျက်ရှိသော DSLR Lens များကိုလည်း သက်ဆိုင်ရာ
ကင်မရာ အလိုက် Adaptor များတပ်ဆင်ကာ တွဲဖက်အသုံးပြုနိုင်ပါသည်။ သို့ရာတွင်
Focus ဖြတ်ရာတွင်၎င်း Aperture အဖွင့်အပိတ် ပြုလုပ်ရာတွင်လည်းကောင်း Lens
တွင်တပ်ဆင်ပါရှိသည့် အခြား Electronic ဆိုင်ရာ Control
များအသုံးပြုရာတွင်လည်းကောင်း Auto Function များအသုံးပြု၍မရခြင်းများ
ရှိနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုသော် ၎င်း Mirrorless Interchangeable Lens ကင်မရာများသည် ဓါတ်ပုံအရည်အသွေး ကောင်းမွန်ခြင်း DSLR များလောက် Lens ရွေးချယ်မှု မများသေးသော်လည်း Lens များလဲလှယ်တပ်ဆင် အသုံးပြုနိုင်ခြင်းကြောင့် ဖန်တီးနိုင်စွမ်းမြင့်မားခြင်း DSLR များထက် များစွာ ပေါ့ပါးလွယ်ကူစွာ အသုံးပြုနိုင်ခြင်း စသည့် အချက်များကြောင့် အချိန်တိုတိုအတွင်း အောင်မြင်မှုများ ရရှိကာ ပို၍ကြီးမားသော ဈေးကွက်ကို ပိုင်ဆိုင်လာဦးမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
ကိုငယ် (မန္တလေး)
No comments:
Post a Comment