Wednesday, March 28, 2012

ရေပန်းစားလာသည့် All-In-One Computer များ







All in one Computer ဆိုသည်မှာ စားပွဲတင် PC အမျိုးအစား ကွန်ပျူတာ၏ System Unit နှင့် Monitor တို့ကို တစ်ပေါင်းတည်းပြုလုပ်ထားသော ကွန်ပျူတာများ ပင်ဖြစ်သည်။ Apple ကုမ္ပဏီမှ ခပ်စောစော ကာလ များကပင် ၎င်းအမျိုးအစား Computer များကို ထုတ်လုပ်ခဲ့ပြီး ၁၉၈၀ လွန်ကာလများက Original Macintosh များသည်လည်းကောင်း ၁၉၉၀ နောက်ပိုင်းတွင် iMac ကွန်ပျူတာများသည်လည်းကောင်း ထင်ရှားသော Model များဖြစ်ကြသည်။ All in one computer များသည် အခြားသော Desktop အမျိုးအစား ကွန်ပျူတာများထက် ပိုမို ကျစ်လစ်ပေါ့ပါးပြီး ရွှေ့ပြောင်း သယ်ယူရလွယ်ကူသည်။ နံရံမှ မီးပလပ် ဖြုတ်လိုက်ရုံဖြင့် တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ ရွှေ့ပြောင်း သယ်ယူနိုင် သကဲ့သို့ ၎င်းအတွက် နေရာ ချထားရာတွင်လည်း သမားရိုးကျ Desktop PC များထက် များစွာ ၀န်ကျဉ်းပေသည်။
Laptop ကွန်ပျူတာများနှင့်အလားတူစွာ All in one computer များသည်လည်း အလွန်ကျစ်လစ်စွာ ဖွဲ့စည်းတည်ဆောက်ထားရသောကြောင့် မူလတပ်ဆင်ထားသည့် အစိတ်အပိုင်းများကို လဲလှယ်တပ်ဆင်ရန် (သို့) အဆင့်မြှင့်တင်ရန် ခက်ခဲနိုင်ပါသည်။ သို့ရာတွင် နောက်ပိုင်းထုတ် မော်ဒယ်များတွင်မူ အဆင့်မြှင့်တင်နိုင်သော အချို့အစိတ်အပိုင်းများ တပ်ဆင်ထုတ်လုပ်လာကြသည်ကို တွေ့နိုင်ပါသည်။ ထို့ပြင် ၎င်း All in one computer များတွင် Touch Screen စွမ်းဆောင်ရည်များ ထည့်သွင်း တပ်ဆင် လာခြင်းမှာလည်း အားသာချက် တစ်ရပ် ဖြစ်လာပေသည်။

 



ယခင်က All in one computer ဈေးကွက်ကို Apple မှ iMac ကွန်ပျူတာများသာ ကြီးစိုးထားသော်လည်း HP TouchSmart IQ500t, TouchSmart IQ816 နှင့် Dell Studio One 19 စသည်တို့ကဲ့သို့ Multi Touch စွမ်းဆောင်ရည်များပါ ပါရှိသည့် စွမ်းဆောင်ရည်မြင့် All in one အမျိုးအစား ကွန်ပျူတာများ ထွက်ပေါ်လာအပြီးတွင် All in one ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုများ ကြီးထွားလာပါသည်။ သို့ရာတွင် Apple ၏ iMac PC များမှာ Performance အားဖြင့် ထိပ်ဆုံးအနေအထားတွင် ရပ်တည်နေဆဲပင်ဖြစ်ပါသည်။

All in one PC များနှင့် Desktop Computer များ

All in one PC များသည် ယခုလက်ရှိကာလတွင် စွမ်းဆောင်ရည်ပိုင်း ဒီဇိုင်းပိုင်း အရည်အသွေးပိုင်း စသည် ယခင်နှစ်များကထက်များစွာ တိုးတက်လာခဲ့သည် မှန်သော်လည်း အမြင့်ဆုံးစွမ်းဆောင်ရည်များအတွက်မူ နေရာ အကန့်အသတ် Processor အပူချိန်နှင့် Power အကန့်အသတ် များကြောင့် Desktop ကွန်ပျူတာကြီးများကို မယှဉ်ပြိုင်နိုင်သေးပေ။ အထူးသဖြင့် 3D Game များနှင့် Video Graphic များ ဒီဇိုင်းပြုလုပ်ခြင်းကဲ့သို့ အမြင့်ဆုံး Performance အတွက် အထူးပြုထုတ်လုပ်ထားသည့် Dell's Studio XPS 435 နှင့် Alienware Aurora™ ကဲ့သို့ ကွန်ပျူတာများ၏ စွမ်းဆောင်ရည်များကို မယှဉ်ပြိုင်နိုင်သေးပေ။



သို့ရာတွင် All in one computer များတွင်လည်း များစွာသော အားသာချက်များရှိနေပါသည်။ ယခုဈေးကွက်အတွင်းရှိနေသော ၎င်းအမျိုးအစား ကွန်ပျူတာများအားလုံးလိုလိုတွင် အနည်းဆုံး Single Touch Display ပါရှိပြီး ငွေအနည်းငယ်ထပ်သုံးနိုင်ပါက Multi touch စွမ်းဆောင်ရည်ပါရှိသော Dell's Studio One 19 သို့မဟုတ် HP ၏ TouchSmart PCs တစ်မျိုးမျိုး ရရှိနိုင်ပါသည်။ ၎င်း Touch Screen စွမ်းဆောင်ရည်သည် မိသားစုဖျော်ဖြေရေး အသုံးပြုသော ကွန်ပျူတာများအတွက်လည်းကောင်း ကလေးများ ပညာသင်ကြားခြင်း အထောက်အကူအဖြစ်လည်းကောင်း သရုပ်ပြ ရှင်းလင်းတင်ပြရာတွင်လည်းကောင်း များစွာအသုံးဝင်သော စွမ်းဆောင်ရည်တစ်ခုဖြစ်ပါသည်။ အခြား ကောင်းမွန်သော အချက်များအဖြစ် Multimedia Speaker များ တစ်ခါတည်း တပ်ဆင်ပါရှိခြင်း Web cam ပါရှိခြင်း Wireless Network များပါရှိခြင်း နှင့် TV Station များမှထုတ်လွှင့်သော Channel များဖမ်းယူရန် အချို့သော မော်ဒယ်များတွင် TV Tuner ပါရှိခြင်း စသည်တို့ဖြစ်သည်။







အခြားတစ်ဘက်တွင်ကား Desktop Computer များသည် ပါရှိသည့်အစိတ်အပိုင်းများ ရိုးရှင်းစွာ အဆင့်မြှင့်လဲလှယ်ခြင်းဖြင့် အလွယ်တကူ အသက်ဆက်နိုင်သော်လည်း ၎င်း All in one များတွင် အစိတ်အပိုင်းများ လဲလှယ်အဆင့်မြှင့်တင်ရာတွင် အကန့်အသတ်များစွာရှိနေပါသည်။ အချို့သော မော်ဒယ်များတွင် RAM, Hard Drive, Optical Drive, Fans စသည်တို့ လဲလှယ်နိုင်သော်လည်း အချို့တွင်မူ RAM နှင့် Hard Drive လောက်သာ လဲလှယ်တပ်ဆင်နိုင်ပါသည်။ Dell ကဲ့သို့သော အချို့မော်ဒယ်များတွင်မူ မည်သည့် အစိတ်အပိုင်းမျှလဲလှယ်မရသည်လည်း ရှိပါသည်။

All in one နှင့် Laptop Computer များ

သင်၏လိုအပ်ချက်သည် တစ်လုံးတည်းနှင့် အားလုံးပြီးပြည့်စုံသည့် ကွန်ပျူတာတစ်လုံး ဖြစ်ပါက Laptop ကွန်ပျူတာများကိုလည်း ထည့်သွင်းစဉ်းစားနိုင် ပါသည်။ Laptop ကွန်ပျူတာများသည် All in one computer များကဲ့သို့ နံရံတွင် ပလပ်ထိုးရန်ပင်မလိုဘဲ အသုံးပြုနိုင်ပါသည်။ သို့ရာတွင် အများစုသော Laptop များသည် 13" 14" Screen မျက်နှာပြင်များသာရှိပြီး 15" နှင့်အထက်များတွင် ဈေးနှုန်းအားဖြင့်ကြီးမြင့်တတ်ကာ Screen အရည်အသွေးမှာလည်း All in one Computer များလောက် မကောင်းတတ်ပေ။ ထို့ပြင် All in one computer များကဲ့သို့ 21" Multi-touch Screen လောက် ဖြစ်ရန်မူကား ခဲယဉ်းလှပေသည်။

အချုပ်အားဖြင့်ဆိုရသော် All in one Computer တစ်လုံး ၀ယ်ယူရာတွင် နောင် အဆင့်မြှင့်တင်ရန် အနည်းငယ်ခက်ခဲနိုင်သဖြင့် မိမိအသုံးပြုမည့်အနေအထားနှင့် စိတ်တိုင်းကျလောက်မည့် ဖွဲ့စည်းတည်ဆောက်ထားမှုကို သေသေချာချာရွေးချယ်ရန်လိုအပ်သလို Touch Screen များတွင် Single Touch နှင့် Multi Touch သေချာစိစစ်ရွေးချယ်ရန်လိုအပ်ပါသည်။ ထို့ပြင် Computer Service Center များအနေနှင့် သာမာန်ထက် အနည်းငယ်ပို၍ အနုစိတ်တည်ဆောက်ထားသော All in one computer များကို ပြင်ဆင်ရန် အခက်အခဲရှိနိုင်သဖြင့် သက်ဆိုင်ရာ ကုမ္ပဏီ Service Center မှ နောက်ပိုင်း တာဝန်ယူပြင်ဆင်ပေးနိုင်မှုကိုပါ ဂရုပြု ရွေးချယ်ရန်လိုအပ်ပါကြောင်း တင်ပြလိုက်ရပါသည်။



ကိုငယ် (မန္တလေး)

No comments:

Post a Comment