အင်တာနက်ဆိုတာ တစ်ကယ်တော့ သတင်းနဲ့နည်းပညာ ရတနာသိုက်ကြီးဖြစ်ပါတယ်။ ဒီ အင်တာနက်ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ကြီး ပေါ်ပေါက်လာခြင်းဟာ ကမ္ဘာကြီးကိုများစွာ သေးကြုံ့သွားစေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အရိပ်အမှောင်ထဲမှာတော့ ကောက်ကျစ်တဲ့ ကိုယ်ကျိုးရှာသမားတွေ ကလေးငယ်တွေကို လိင်မှုဆိုင်ရာ မသမာမှုပြုလိုသူ Online မုဆိုးတွေဟာလဲ ရှိနေပြန်ပါတယ်။
ဒီနေ့ခေတ်
ကလေးတွေဟာ အင်တာနက်နဲ့အတူ မွေးဖွားလာကြတာ ဖြစ်ပါတယ်။ သူတို့ဟာ အင်တာနက်
ကို ပညာတွေ လေ့လာဆည်းပူးဖို့ သူငယ်ချင်းများနဲ့ ဆက်သွယ်ပြောဆိုဖို့
သူငယ်ချင်း အသစ်များ ရှာဖွေဖို့ ဒါမှမဟုတ် ဂီတနဲ့ ရုပ်ရှင် တွေကိုခံစား
နားဆင်ဖို့ စသည် နယ်ပယ်ပေါင်းများစွာမှာ အသုံးပြုကြပါတယ်။ အဲဒီလို
အသုံးပြုကြရင်းနဲ့ တစ်ချို့ကလေးတွေဟာ Online မုဆိုးများရဲ့ သားကောင်အဖြစ်
အမဲလိုက်ခြင်း ကိုခံသွားကြရတာတွေ ရှိပါတယ်။
Online မုဆိုးတွေဟာ ကလေးတွေအသုံးပြုလေ့ရှိတဲ့ Websites
တွေမှာခိုအောင်းတတ်ကြပြီး သူတို့ဟာ ကလေးငယ်များ အသွင်သဏ္ဍန်ကို
ဆောင်ယူထားတတ်ပါတယ်။ ကလေးတွေကို မိတ်ဆွေဖွဲ့သိမ်းသွင်းဖို့
သိပ်ပြီးကြင်နာတတ်သယောင် နားလည်မှုအပြည့်ရှိသယောင် ဂရုတစိုက်ရှိတတ်သယောင်
မာယာတွေကို အသုံးပြုတတ်ကြပါတယ်။ သူတို့ရဲ့ မာယာတွေဟာ ကလေးငယ်တွေ အဖို့တော့
သူငယ်ချင်းအစစ်တွေနဲ့ တော်တော်လေး ခွဲခြားရခက်စေပါတယ်။
မိတ်ဆွေဖွဲ့ပြီးသွားရင်တော့ တဖြည်းဖြည်းနဲ့ လိင်မှုဆိုင်ရာ
ဖြားယောင်းသိမ်းသွင်းတာမှုတွေ ပြုလုပ်တာမျိုး ကလေးငယ်တွေကတစ်ဆင့် မိဘတွေရဲ
့လူမှုရေး စီးပွားရေးဆိုင်ရာ အချက်အလက်တွေ လှည့်ဖြားယူတာမျိုး
တွေကိုပြုလုပ်ပါတော့တယ်။ တစ်ခါတစ်ရံ ပြင်ပမှာလူချင်းတွေဖို့ ချိန်းဆိုပြီး
ကိုယ်ထိလက်ရောက် အန္တရယ်ပြု တာတွေတောင် ရှိတတ်ပါသေးတယ်။ ဒီလို Online
သူငယ်ချင်း တွေရဲ့ အန္တရာယ်ပြုမှုတွေ တစ်နေ့တစ်ခြား များပြားလာတဲ့ အခါ
မိဘတွေရဲ့ မိမိတို့ ကလေးငယ်များ ဘယ်လို အန္တရယ်ကင်းရှင်းစွာ အင်တာနက်
အသုံးပြုနိုင်မလဲဆိုတဲ့ မေးမြန်းသံများဟာလဲ တစ်နေ့တစ်ခြား
များပြားလာပါတော့တယ်။ ခုဖော်ပြမဲ့ အချက်တွေဟာ သင့်ကလေးကို Online
မုဆိုးတွေရန်ကနေ ကာကွယ်ဖို့ အတိုင်းအတာ တစ်ခုထိ အကျိုးပြုနိုင်ပါလိမ့်မယ်။
(၁) ပထမဆုံးလုပ်ရမှာကတော့ သင်ကိုယ်တိုင် အင်တာနက်နဲ့ရင်းနှီးအောင်
ပြုလုပ်ပါ။ ဒီနည်းလမ်းကသာ သင့်ကို အင်တာနက်ပေါ်က ခြိမ်းခြောက်မှု
အန္တရယ်တွေအကြာင်း မလိုလားအပ်တဲ့ အီးမေးတွေနဲ့ အန္တရယ်ရှိနိုင်တဲ့
ဒေါင်းလုပ်တွေအကြောင်း ကိုသင်ကိုယ်တိုင် သိရှိနားလည်နိုင်မှာဖြစ်ပါတယ်။
ဒီတော့မှ သင်သိရှိထားသမျှကို သင့်ကလေးတွေကို
ရှင်းပြသင်ကြားပေးနိုင်မှာဖြစ်ပါတယ်။
(၂) သင့်မိသားစုအတွင်း ကွန်ပျူတာ အသုံးပြုသူတွေ လိုက်နာရမဲ့
စည်းကမ်းချက်တွေကို ချမှတ်ပါ။ ဥပမာ ချမှတ်သင့်တဲ့ စည်းကမ်းချက်
အချို့ကိုဖော်ပြရရင် - Pop up Windows တွေ Link တွေကို မနှိပ်ပါနဲ့။
ပေါ်လာတာနဲ့ ချက်ခြင်းပိတ်ပစ်ပါ။ - ဒေါင်းလုပ်လုပ်ဖို့ လိုအပ်လာရင် မိဘတွေရဲ
့ခွင်ပြုချက်ကို အရင်ရယူပါ။ - လူတွေအများကြီးဆီကို အီးမေးတွေ Forward
မလုပ်ပါနဲ့။
(၃) သင့်ကလေးကို မိမိတို့ အသက်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ် စသည်တို့ကို Online ပေါ်မတင်ဖို့ သင်ကြားပေးပါ။
(၄) သင့်ကလေးဟာ Facebook လို Twitter လို Social Networking websites
တွေကို အသုံးပြုတယ်ဆိုရင် သူတို့ရဲ့  Profile ဟာ တစိမ်းတွေအတွက်
တစ်ကိုယ်ရည် အချက်အလက်တွေ အများကြီးရနိုင်တာမျိုး မဖြစ်ရအောင်
အကြံပြုထားသင့်ပါတယ်။ တစ်ချို့ Social Networking sites တွေမှာ ကိုယ့်ရဲ့ 
Profile ကို ကိုယ်ခွင့်ပြုထားတဲ့သူပဲကြည့်လို့ရအောင် ကန့်သတ်နိုင်တဲ့
Option ပါရှိပါတယ်။ သင့်ကလေးကို အဲဒီ Option ကိုအသုံးပြုဖို့ သင်ကြားပေးပါ။
(၅)
သင့်ကလေးဟာ Online ပေါ်ဓါတ်ပုံတင်တော့မယ်ဆိုရင် သင့်ရဲ့ခွင့်ပြုချက်ကို
အရင်ရယူဖို့ လေ့ကျင့်ပေးထားပါ။ ဓါတ်ပုံရဲ့နောက်ခံတွေဟာ Online မုဆိုးတွေက
သင့်နေရာကို ခြေရာခံနိုင်ဖို့ အကောင်းဆုံး သဲလွန်စတွေ ဖြစ်နေတတ်ပါတယ်။
Online ပေါ်ကို ဘာပဲတင်တင် သေချာ ဂရုတစိုက် သတိထားသင့်ပါတယ်။
(၆)
သင့်ကလေး ရဲ့ အီးမေးတွေ ဂိမ်းကစားတဲ့ Website လိုမျိုးတွေ အတွက် log in ID
ကိုကူညီပြီး ရွေးချယ်ပေးပါ။ ID မှာ အမည်နဲ့ အသက်တွေဖော်ပြနေတာမျိုး
မဖြစ်ရအောင် ဂရုစိုက်ပါ။ ပြီးတော့ အီးမေး Passwords တွေဟာ
လုံခြုံမှုအားကောင်းတဲ့ စာလုံးတွေနဲ့ ကာကွယ်ထားတာမျိုး ဖြစ်သင့်ပါတယ်။
(၇)
သင့်ကလေးကို Online သူငယ်ချင်းတွေနဲ့ ဘယ်တော့မှ အပြင်မှာ
ချိန်းဆိုတွေဆုံတာတွေ မလုပ်ဖို့ တားမြစ်ပါ။ Online သူငယ်ချင်းတွေဟာ
အပြင်မှာတော့ သူတို့ ပြောဆိုထားတာတွေနဲ့ အမြဲပဲ ကွာဟနေတတ်ပါတယ်။
တစ်ကယ်ကတော့ Online ပေါ်မှာ သူစိမ်းတွေနဲ့ သူငယ်ချင်းမိတ်ဆွေဖွဲ့တာကိုကပဲ
အန္တရယ်များလှပါတယ်။
(၈)
သင့်ကလေးရဲ့  အင်တာနက်ပေါ်က အတွေ့အကြုံတွေကို သင့်ကိုအမြဲ
ဝေမျှခံစားတတ်အောင် လေ့ကျင့်ထားပေးပါ။ ဒါဟာ တစ်ကယ်တော့ သင့်ကလေးရဲ့ 
Online လှုပ်ရှားမှုတွေကို လေ့လာ စောင့်ကြည့် နိုင်ရုံသာမက မိဘသားသမီး
ရင်းနှီးနွေးထွေးမှုကိုပါ တစ်ဘက်တစ်လမ်းက အထောက်အကူုပြုပါတယ်။
(၉) Anti-virus နဲ့ Anti-spyware ပရိုဂရမ်တွေကို သင့်ကွန်ပျူတာမှာ အမြဲရှိနေပါစေ။ Fire wall ကို အမြဲဖွင့်ပြီး အသုံးပြုပါ။
(၁၀)
သင့်ရဲ့ကွန်ပျူတာကိုလဲ လုံခြုံစိတ်ချရဖို့ အားကောင်းတဲ့ Password နဲ့
ကာကွယ် ထားသင့်ပါတယ်။ ကွန်ပျူတာကို ၀င်ရောက်ကြည့်ရှုဖို့
အခွင့်အရေးရသွားခဲ့ရင် အဲဒီထဲက သတင်းအချက် အလက်တွေကိုလဲ ရယူဖို့
အခွင့်အရေးရသွားမှာပဲ ဖြစ်ပါတယ်။
(၁၁)
ကွန်ပျူတာကို အိမ်ရဲ့မြင်သာတဲ့နေရာမှာ ထားသင့်ပါတယ်။ ဒါမှသာ သင့်ကလေးရဲ့
Online အသုံးပြုမှုကို မျက်ခြေမပြတ် အကဲခတ်နိုင်ပါလိမ့်မယ်။ ဒါဟာ
သင့်ကလေးကို မျက်ကွယ်မှာ အင်တာနက် အသုံးပြုခွင့် ပေးတာထက်စာရင်
အများကြီးပိုကောင်းပါတယ်။ ကလေးတွေဟာ ပုံမှန်အားဖြင့်ကို စူးစမ်းလိုစိတ်
ရှိကြပါတယ်။ အင်တာနက်ပေါ်မှာ အင်မတန်ရိုးရှင်းတဲ့
စာလုံးအနည်းငယ်အသုံးပြုပြီး ရှာဖွေတာနဲ့တင် သင့်ကလေးဟာ ကြည့်ရှုရန်
မသင့်တော်တဲ့ Websites တွေဆီကို ရောက်ရှိသွားနိုင်ပါတယ်။
(၁၂)
Web monitoring software လိုမျိုး တွေအသုံးပြုပြီးတော့ သင့်ကလေးရဲ့ Online
လှုပ်ရှားမှုတွေ ကိုစောင့်ကြည့်ပါ။ Parental Control လိုမျိုးတွေ
အသုံးပြုပြီးတော့ Internet အသုံးပြုမှုတွေ၊ မကြည့်ရှုသင့်တဲ့ Websites တွေ
အကြောင်းအရာတွေကို ကန့်သတ်ထားပါ။
အင်တာနက်ဆိုတာ
အလွန်အတရာ အံ့သြစရာ ဗဟုသုတရစရာ လေ့လာစရာတွေ မကုန်မခမ်း နိုင်အောင်
ပြည့်နှက် နေတဲ့ ကမ္ဘာကြီးဖြစ်ပါတယ်။ ဒါဟာ သင့်ကလေး ကို အန္တရယ် ကျရောက်
စေမယ့် သားရဲတွင်းတစ်ခု မဖြစ်သွားစေသင့်ပါဘူး။ ခုဖော်ပြခဲ့တဲ့
အချက်ကလေးတွေကို သတိပြု ဆင်ခြင်ခြင်းအားဖြင့် သင့်ကလေးကို
ဘေးကင်းလုံခြုံစွာ အန္တရယ်ကင်းရှင်းစွာ အင်တာနက်အသုံးပြုနိုင်ဖို့
ကူညီပေးနိုင်ပါစေကြောင်း တင်ပြလိုက်ရပါတယ်။
ကိုငယ် (မန္တလေး)
No comments:
Post a Comment