အလင်းရောင်လုံလောက်မှုမရှိခြင်းသည် ဓါတ်ပုံတစ်ပုံအတွက် အကောင်းဆုံး Exposure ရရှိရန် အခက်အခဲများစွာ ကြုံတွေ့နိုင်ပါသည်။ Digital ကင်မရာတစ်လုံး၏ Flash စံနစ် သည် မိမိရိုက်ကူးလိုသည့် အရာဝထ္ထုကို အလင်းပေးနိုင်ရုံသာမက တီထွင်ဆန်းသစ်မှုရှိသော Effects များကိုပါ ဖန်တီးပေးနိုင်ပါသည်။ Flash စံနစ်ကို မည်သည့်အခါတွင်သုံးရမည် (သို့) မည့်သည့်အခြေအနေတွင်သုံးရမည် (သို့) မိမိရိုက်ကူးလိုသော အခြေအနေတစ်ရပ်အတွက် Flash စံနစ်အသုံးပြု၍ ရနိုင်မရနိုင် စသည် အတွေးများဖြင့် ခေါင်းရှုပ်နေဖူးပါသလား။ ၎င်းအခြေအနေ အားလုံးအတွက် ဤဆောင်းပါးဖြင့် ကြိုးစား၍ ဖြေရှင်းတင်ပြ သွားပါမည်။
ယနေ့
ဒစ်ဂျစ်တယ် ခေတ်တွင် Flash Photography သည်ယခင့် ယခင်များနှင့် မတူဘဲ
ထူးထူးခြားခြား အသုံးပြုရ လွန်စွာလွယ်ကူ၍လာပြီဖြစ်သည်။ ယခင်ခေတ်များက Flash
ဖြင့်အကောင်းဆုံး Exposure ရရှိရန် ရှုပ်ထွေးလှသည့် ပုံသေနည်းများ
တွက်ချက်မှုများကို ဓါတ်ပုံဆရာများမှ အတွေ့အကြုံများ
ကျွမ်းကျင်မှုများဖြင့် ပေါင်းစပ် လုပ်ကိုင်ခဲ့ရသော်လည်း ယခုအခါ ဒစ်ဂျစ်တယ်
ကင်မရာများ၏ ခေတ်မှီလှသော မိုက်ကရိုပရိုဆက်ဆာ များဖြင့် တွက်ချက်မှုများ
ပြုလုပ်နိုင်လာပြီဖြစ်ရာ ဓါတ်ပုံရိုက်ကူးသူအဖို့ များစွာလွယ်ကူ
သက်သာသွားပြီဖြစ်ပေသည်။
ယခင်ကဆိုလျှင်
Flash နှင့်ပါတ်သက်ပါက သင့်တွင့် ON နှင့် OFFဟူ၍
ရွေးချယ်စရာနှစ်မျိုးသာရှိပါသည်။ ယခုဒစ်ဂျစ်တယ်ခေတ်တွင် Flash စံနစ်ကို
အတွေ့အကြုံမရှိသော ဓါတ်ပုံရိုက်ကူးသူများအတွက်သာမက
ဝါရင့်ဓါတ်ပုံဆရာများအတွက်ပါ အသုံးဝင်လှသော Function အမျိုးအမျိုးဖြင့်
အသုံးပြုနိုင်ပြီဖြစ်ပါသည်။ သို့သော် Flash စံနစ်အားအသုံးပြုတော့မည်ဆိုပါက
မိမိကင်မရာနှင့် Flash စံနစ်၏ လုပ်ဆောင်နိုင်စွမ်းများနှင့် အသုံးပြုပုံကို
ဦးစွာသိရှိထားရန်လိုသည်။ သို့မှသာ အကောင်းဆုံး Exposure သို့မဟုတ်
ဆန်းသစ်သော ဖန်တီးမှုများအတွက် Flash စံနစ်ကို
အပြည့်အ၀အသုံးချနိုင်မည်ဖြစ်ပါသည်။
Flash Gun Unit တစ်ခုဝယ်ယူရန်လိုအပ်သော အကြောင်းများ
အားလုံးနီးပါးသော ဒစ်ဂျစ်တယ် ကင်မရာများသည် Built-in Flash စံနစ်ပါဝင်ကြသည်။ သို့ရာတွင် သီးသန့် Flash Gun ၀ယ်ယူအသုံးပြုရခြင်းမှာ အဓိကအားဖြင့် အကြောင်းသုံးချက်ကြောင့်ဖြစ်ပါသည်။ ပထမတစ်ကြောင်းမှာ Flash ၏ အလင်းပေးနိုင်မှုအားကြောင့်ဖြစ်သည်။ Built-in Flash သည် မီတာ အနည်းငယ်အကွာအဝေးကိုသာ လင်းသည်ဆိုရုံ အလင်းပေးနိုင်သော်လည်း Hot Shoe Flash Gun များသည် ထိုထက်ပို၍ အားပြင်းပြင်း အလင်းပေးနိုင်ကြသည်။ ဒုတိယတစ်ကြောင်းမှာ Built-in Flash များသည် Function အနည်းငယ် ပြင်ဆင်အသုံးပြုနိုင်သော်လည်း External Flash Gun များ၏ များပြားလှသည့် အမျိုးမျိုးသော လုပ်ဆောင်ချက်များကိုကား မမှီနိုင်ပေ။ နောက်ဆုံးတစ်ချက်မှာ External Flash များကို ကင်မရာတွင်တပ်ဆင်၍မဟုတ်ဘဲ အခြားသော နေရာများမှ အလင်းပေးနိုင်ခြင်း ထို့ပြင် Flash Unit တစ်လုံးထက်ပို၍အသုံးပြုကာ ပိုမိုကောင်းမွန်အဆင့်မြင့်သော အလင်းပေးမှုစံနစ်များ ဖန်တီးနိုင်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။
Basic Flash Modes
Auto Mode :
DSLR အများစုတွင် ၎င်း Mode မပါရှိတတ်သော်လည်း ၎င်းကဲ့သို့ခပ်ဆင်ဆင် Auto Flash
ကိုအသုံးပြုသော Modes များပါရှိပါသည်။ Auto Flash mode ကိုအသုံးပြုရန်မှာ
ပါတ်ဝန်းကျင် သဘာဝအလင်းရောင် မလုံလောက်မှုကြောင့် Shutter Speed
နှေးနှေးရိုက်ကူးရသည့် သာမာန် အိမ်တွင်း ရိုက်ကူးမှုများကဲ့သို့
နေရာများတွင် အသုံးပြုနိုင်ပါသည်။
Forced-on (Fill Flash) :
မိမိဆန္ဒအလျောက် ကင်မရာ၏ ဆုံးဖြတ်ချက်မပါဘဲ Flash ခလုတ်ကိုနှိပ်၍
အသုံးပြုခြင်းဖြစ်ပါသည်။ နေ့ဘက် လူပုံရိုက်ကူးသည့်အခါတွင်
မျက်နှာပေါ်အရိပ်ကျနေခြင်းကို လျော့ကျစေရန် အတွက်လည်းကောင်း
အလင်းရောင်ကိုဆန့်ကျင်၍ ရိုက်ကူးသည့်အခါ ရိုက်ကူးလိုသည့် အရာဝထ္ထုအား
အလင်းရောင်အားဖြည့်လိုသည့် အခါတွင်လည်းကောင်း Forced-on Flash
ကိုအသုံးပြုသည်။
Flash-Off : DSLR
များတွင် Flash auto ပွင့်သော Scene modes များအသုံးပြုခြင်းမှလွဲ၍
ကျန်အချိန်များတွင် Auto flash mode မပါရှိသဖြင့် အခြားသော
ကင်မရာများကဲ့သို့ Flash off သီးသန့်မပါရှိပေ။ အခြားသော အားလုံးနီးပါး
ဒစ်ဂျစ်တယ်ကင်မရာများတွင်ပါရှိကာ အသုံးပြုရန် အချိန်မှာ
ရောင်ပြန်ဟပ်ခြင်းကိုရှောင်ရန်အတွက် မှန်များကိုဖြတ်သန်း၍ ရိုက်ကူးချိန်
နှင့် ပြတိုက်များ ကပွဲခန်းမများကဲ့သို့ Flash photography
အသုံးပြုခြင်းကိုကန့်သတ်ထားသည့်နေရာများတွင် ဖြစ်သည်။
Red-eye reduction : အကယ်၍
အခန်းတွင်း၌ လူပုံရိုက်ကူးမှုများကို Built-in Flash
ဖြင့်ရိုက်ကူးမည်ဖြစ်ပြီး ပြင်ပအလင်းရောင်ရရှိမှုလည်း အလွန်နည်းပါးပါက
သင်ရိုက်ကူးမည့် လူပုံများတွင် Red-eye ဟုခေါ်သော Flash ကြောင့်
သူငယ်အိမ်အတွင်း ရောင်ပြန်ဟပ်မှု ဖြစ်ပေါ်ရန် အခွင့်အလမ်း
များပြားနေပြီဖြစ်ပါသည်။ ဒစ်ဂျစ်တယ် ကင်မရာအများစုတွင်
၎င်းကိုလျှော့ချနိုင်သော ဓါတ်ပုံမရိုက်ကူးခင် Flash ကို
သူငယ်အိမ်ကျဉ်းသွားစေရန် ကြိုတင်၍ လင်းပေးသော စံနစ်ပါရှိပါရာ ထိုကဲ့သို့သော
အခြေအနေမျိုးတွင် ၎င်းစံနစ်ကို အသုံးပြုပေးရန်လိုအပ်ပေသည်။
Second Curtain Sync : ကင်မရာတစ်လုံး၏ပုံမှန် Setting မှာ Exposure ၏အစတွင် Flash ကိုဖွင့်ပေးခြင်းဖြစ်ပြီး ၎င်းသည် သာမာန်အခြေအနေမျိုးအတွက် အဆင်ပြေပေသည်။ သို့ရာတွင် Shutter Speed ခပ်နှေးနှေးရိုက်ကူးရသော Long Exposure များအတွက်မူ ပထမဆုံး Exposure အဖွင့်တွင် Flash အပွင့်၌ ရုပ်ပုံကိုဖမ်းယူလိုက်ပြီး ကျန် Exposure ဆက်ပွင့်နေသော အချိန်အတွင်း ရုပ်ပုံမှာ လှုပ်ရှားမှုအတိုင်း ဆက်ထင်နေသော အရေးအကြောင်းများပေါ်လာနိုင်ပေသည်။ ထို့ကြောင့် Exposure အပိတ်တွင် Flash ပွင့်ပေးသော Second Curtain Sync ကိုအသုံးပြုခြင်းဖြင့် သဘာဝဆန်သော ရုပ်ပုံများ ရရှိနိုင်ပေသည်။
Setting ကို သဘာဝပါတ်ဝန်းကျင်ရှိအရာဝထ္ထုများ ကိုရော မိမိရိုက်ကူးလိုသည့်
အရာဝထ္ထုကိုပါ အလင်းရောင်ပေးလိုသည့်အခါတွင် အသုံးပြုသည်။ Second Curtain
နှင့် ခပ်ဆင်ဆင်ပင်ဖြစ်သော်လည်း Flash ပွင့်ချိန်နှင့်
ပြင်းအားစသည်အားလုံးကို ကင်မရာကပင် ဆုံးဖြတ်ပေးသည်။
mode သည် အလွန်နည်းပါးသော ကင်မရာများနှင့် Flash System များတွင်သာ
အသုံးပြုနိုင်သည်။ အသုံးပြုပုံမှာ ၎င်းစံနစ်သည် မည်သည့် Shutter Speed
နှင့်မဆို တွဲဖက်၍ အသုံးပြုနိုင်သဖြင့် အားကစား ဓါတ်ပုံများ နေ့ဘက်အခါ
လျှင်မြန်စွာလှုပ်ရှားနေသည့် ပုံများကို တိကျပြတ်သားစွာ ရိုက်ကူးလိုသည့်အခါ
Shutter Speed အမြန် များဖြင့် တွဲဖက်အသုံးပြုနိုင်သည့် စံနစ်ဖြစ်သည်။
Flash Exposure Compensation (FEC) : ၎င်းသည် mode မဟုတ်ဘဲ Flash ၏ ပြင်းအားကို ချိန်ဆထုတ်ပေးခြင်းဖြစ်သည်။ ၎င်းကို ဓါတ်ပုံတစ်ပုံရိုက်ကူးလိုက်သည့်အခါ ပြန်လည်ကြည့်ရှု၍ အလင်းအားများနေခြင်း (သို့) အလင်းအားနည်းနေခြင်း စသည့်အခြေအနေများတွင် ချိန်ညှိပေးနိုင်သည်။ အထူးသဖြင့် လူပုံ အနီးကပ်ရိုက်ကူးသည့်အခါတွင် မျက်နှာပေါ်၌ over expose ဖြစ်ကာ white burn ဖြစ်လေ့ရှိသည့် အခြေအနေများတွင် FEC ကို အနည်းငယ်ပြင်ဆင်ချိန်ညှိပေးခြင်းဖြင့် အကောင်းဆုံး exposure အနေအထားများကို ရရှိနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။
ကိုငယ် (မန္တလေး)
No comments:
Post a Comment