Tuesday, December 20, 2011

Point & Shoot ကင်မရာ တစ်လုံးကို ဘယ်လိုရွေးချယ်ဝယ်ယူမလဲ





Digital ပစ္စည်းတွေ ပေါများလှတဲ့ ခုခေတ်မှာ Digital Camera တွေရဲ့ အခန်းကဏ္ဍကလဲ တစ်ဖြည်းဖြည်းနဲ့ အလွန်ကျယ်ပြန့်လာပါတယ်။ သိပ်ပြီးအားထုတ်စရာမလိုပဲ ဓါတ်ပုံကောင်းကောင်းလေးတွေ ရနိုင်ပြီး သွားလေရာ မိမိနဲ့တစ်ပါတည်း ယူဆောင်သွားဖို့ အဆင်ပြေလှတဲ့ Point & Shoot လို့ခေါ်တဲ့ အပျော်တမ်းရိုက် ကင်မရာလေးတွေကလဲ Digital Camera ဈေးကွက်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ရှိနေပါတယ်။
Camera တွေဟာ တစ်ကယ်တော့ သူ့အိုးနဲ့သူ့ဆန် လို့ပြောရမလိုပဲ သူ့ရဲ့ဈေးနဲ့ လျော်ညီတဲ့ features တွေကို ရမှာပါ။ ဒါပေမယ့် အဲဒီ features တွေထဲက ကိုယ့်အတွက် အသုံးတည့်ပြီး ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီမဲ့ Camera မျိုးကို ရွေးချယ်ဝယ်ယူနိုင်ဖို့တော့ လိုအပ်ပါတယ်။ အဲဒီလို ရွေးချယ်နိုင်ဖို့တော့ Camera features တွေရဲ့ အခြေခံလုပ်ဆောင်ချက်လေးတွေကို သိထားရပါလိမ့်မယ်။


 Focal Length


ကင်မရာမှာပါတဲ့ မှန်ဘီလူးရဲ့မြင်နိုင်တဲ့ မြင်ကွင်း ကို တိုင်းတာသတ်မှတ်တဲ့ features ပါ။ ပုံမှန်အားဖြင့်တော့ မြင်ကွင်းကိုပိုလဲကျယ်ကျယ်လည်း မြင်နိုင်ပြီး ခပ်ဝေးဝေးကိုလဲ Zoom ပိုဆွဲနိုင်တဲ့ အမျိုးအစားက ဈေးပိုကြီးတာပါပဲ။ ပုံမှန် မြင်ကွင်းကျယ်ကျယ်မြင်ဖို့ လိုအပ်တဲ့ Focal length က 28mm ဖြစ်ပြီး 105mm လောက်ဆို အနေတော်လောက် Zoom ဆွဲနိုင်ပါတယ်။ Focal length မှာ ဂဏန်းသေးလေ မြင်ကွင်းကျယ်လေ ဖြစ်ပြီး ဂဏန်းကြီးလေ Zoom ပိုဆွဲနိုင်လေ ဖြစ်ပါတယ်။ (ခုဖော်ပြတဲ့ ဂဏန်းတွေက 35mm ဖလင်ကင်မရာ ကိုစံယူပြီး တိုင်းတာထားတာဖြစ်ပါတယ်။ ကိုယ်ဝယ်ယူမဲ့ ကင်မရာအလိုက် ကိန်းဂဏန်းဖော်ပြချက်တွေ သီးသန့် ရှိနိုင်ပေမယ့် 35mm စံနဲ့ဆိုရင် ဘယ်လောက်ဆိုတာ ကိုလည်း ဖော်ပြထားပါလိမ့်မယ်) ဒီတော့ 28mm ထက် ပိုပြီး မြင်ကွင်းကျယ်ကျယ်မြင်နိုင်တဲ့ Camera တွေနဲ့ 105mm လောက်ထက်ပိုပြီး Zoom ဆွဲနိုင်တဲ့ ကင်မရာတွေက ဈေးပိုကြီးပါလိမ့်မယ်။ ကိုယ့်လိုအပ်ချက်ကိုတော့ ကိုယ့်ဘာသာ ချိန်ဆရမှာဖြစ်ပါတယ်။ အောက်ဖော်ပြပါပုံလေးတွေကို လေ့လာကြည့်ရင်တော့ မြင်ကွင်းကျယ်နဲ့ Zoom ဆွဲထားတဲ့ အနေအထားတွေကို တွေ့နိုင်ပါတယ်။

28mm focal length, Photo by : The-digital-picture.com


105mm focal length, Photo by : The-digital-picture.com


Image Stabilizer (IS)


Camera ကိုလက်နဲ့ကိုင်ထားပြီး ရိုက်တဲ့အခါ လက်ရဲ့တုန်ခါမှုကြောင့် ဓါတ်ပုံတွေမှာဆိုရင် ဝါးသွားတာ ဗွီဒီယို မှာဆိုရင် တုန်ခါမှုတွေပါနေတာမျိုး တွေကို IS ကလျော့ချပေးနိုင်ပါတယ်။ Electronic Image Stabilizer နဲ့ Optical Image stabilizer ဆိုပြီး ၂မျိုးရှိတဲ့ အနက်က Optical Image Stabilizer ကပိုကောင်းပါတယ်။ Optical Image Stabilizer မှာ ထုတ်တဲ့ ကုမ္ပဏီအပေါ်မှာမူတည်ပြီး Technical အရ Sensor ကို Stabilize လုပ်တဲ့ နည်းနဲ့ Lens ကို Stabilize လုပ်တဲ့နည်း ဆိုပြီးကွဲပါသေးတယ်။ ဒီ Function ကို VR (Vibration reduction) တို့ Mega O.I.S တို့ Anti-Shake စသည်ဖြင့်အခေါ်အဝေါ် ပြောင်းနိုင်ပါတယ်။ 




LCD Screen Size and Resolution


Point and Shoot camera အများစုမှာ View finder လို့ခေါ်တဲ့ မျက်စိနားကပ်ပြီး ကြည့်ရတဲ့ အပေါက်ငယ် မပါရှိကြပါဘူး။ တစ်ကယ်လို့ ပါရှိခဲ့ရင်တောင် သူ့ရဲ့သေးငယ်လှတဲ့ အရွယ်အစားကြောင့် အဆင်မပြေလှပါဘူး။ ဒါကြောင့်မို့ Point and Shoot camera တွေမှာ မြင်ကွင်းချိန်တာ Focus ပြတ်သားမှုကြည့်ရှုတာ အစရှိတဲ့ အားလုံးသော ကိစ္စရပ်တွေကို သူ့ရဲ့ LCD Screen ကနေပဲ လုပ်ဆောင်ရပါတယ်။ ဒါကြောင့်မို့ LCD Screen ဟာ ကျယ်ကျယ်ဝန်းဝန်း ရှိဖို့နဲ့ ပြတ်သားမှုကောင်းမွန်ဖို့ လိုပါတယ်။ အသုံးပြုလို့ အဆင်ပြေတဲ့ အရွယ်ကတော့ ၂.၇ လက်မ ကနေ ၃ လက်မ အရွယ်ဝန်းကျင်ဖြစ်ပြီး Resolution ကတော့ Effective Dots 300000 အထက်လောက်ဆို ကောင်းပါပြီ။ ဒါပေမယ့် Specification တွေက ဘယ်လိုရေးထားရေးထား ကိုယ့်မျက်စိနဲ့ သေချာ ကြည့်ရှုပြီး ရွေးချယ်တာကတော့ အမှန်ဆုံးနည်းလမ်းပါပဲ။


Megapixel and Image Sensor


ဒါဟာ သင့်အတွက် ပထမဆုံး Camera ဖြစ်မယ်ဆိုရင်တောင် Megapixel ဆိုတဲ့ စကားလုံးနဲ့တော့ သင်ရင်းနှီးပြီးသား ဖြစ်မှာပါ။ လူတော်တော်များများက Digital Camera တွေအကြောင်းပြောကြပြီဆိုရင် ဘယ်လောက် Megapixel လဲဆိုတာပဲ ပြောကြတာကိုး။ တစ်ကယ်တော့ Megapixel ဆိုတာ ဓါတ်ပုံရဲ့ Size ပါ။ ဓါတ်ပုံရဲ့ အရည်အသွေးနဲ့ ဘယ်လိုမှ မပါတ်သက်ပါဘူး။တစ်ကယ်တော့ 8 Megapixel လောက်ရှိရင်ကို ၁၁ လက်မ ၁၆ လက်မ size လောက် ဓါတ်ပုံ ထုတ်လို့ရနေပါပြီ။ ဆိုလိုတာက Megapixel နဲ့ Camera ရဲ့ အရည်အသွေးကို ဆုံးဖြတ်လို့် မရဘူးဆိုတာပါ။ Camera ရဲ့ Sensor size အကြီးအသေး ပေါ်မှာတော့ ဓါတ်ပုံရဲ့ အရည်အသွေး ကောင်းမွန်မှုဟာ မူတည်နေပါတယ်။ Sensor ကြီးလေ ပုံထွက်ညက်ညောမှုရှိလေ ဖြစ်ပြီး တန်ဖိုးလဲ မြင့်လာပါတယ်။ Image Sensor size ကို တစ်ချို့ Camera Brand တွေမှာ အလွယ်တကူ ဖော်ပြလေ့ မရှိပါဘူး။ အလွယ် တွက်ချက်ကြည့်နိုင်တဲ့ နည်းတစ်ခုကတော့ ကင်မရာ မှန်ဘီလူးမှာ ရေးထားတဲ့  focal length ကို 35mm စံနဲ့ ပြန်ပြီး နှိုင်းယှဉ်ကြည့်တဲ့ နည်းပါ။ ဥပမာ - Canon Powershot SX230 HS ရဲ့ focal length က 5.0-70.0mm ပါ။ 35mm equivalent format နဲ့ဆို 28.0mm-392.0mm လို့ဖော်ပြထားပါတယ်။(Camera ရဲ့အချက်အလက်တွေမှာရေးထားမှာဖြစ်ပါတယ်) ဒီတော့ Wide Angle ခြင်းအချိုးချကြည့်ရင် (5.0mm နဲ့ 28.0mm) 1:5.6 ဆိုတာတွေ့ရပါမယ်။ ဆိုလိုတာက ဒီ Camera မှာပါတဲ့ Image Sensor ဟာ 35mm ဖလင်တစ်ကွက်ရဲ့ ၅.၆ ပုံ ၁ ပုံ size ရှိပါတယ်။  ဈေးကွက်ထဲက နောက်ဆုံးပေါ် Model များဟာ Megapixel အများဆုံး နဲ့ ဈေးအကြီးဆုံး ဖြစ်နိုင်ပြီး သူ့ထက် အရင် ထွက်ထားတဲ့ Cutting Edge မဟုတ်တဲ့ Model များထဲမှာလဲ ပုံထွက် ကောင်းတာ သေချာတဲ့ Camera ကောင်းများ ရှိနေပါတယ်။ သေချာတာ တစ်ခုကတော့ မနှစ်တုန်းက ပုံကောင်းကောင်းထွက်ခဲ့တဲ့ Camera Model များဟာ ဒီနှစ်မှာလဲ ပုံကောင်းကောင်းတွေ ဆက်ထွက်နေဦးမယ် ဆိုတာပါ။



Quick Check on quality    


ဇကာတင် ၃ မျိုး လောက်ရွေးချယ် မိပြီဆိုရင်တော့ ဓါတ်ပုံ အရည်အသွေး တစ်ကယ်ကောင်းမကောင်း အလွယ် စမ်းသပ်ကြည့်နိုင်ပါတယ်။ ဓါတ်ပုံတစ်ပုံလောက် ရိုက်လိုက်ပါ။ ပြီးရင် Play Back ကနေ ဓါတ်ပုံကိုပြန်ကြည့်ပြီး 1/16 ထိ ပုံကိုချဲ့ကြည့်လိုက်ပါ။ ပုံကို ဘေး ဘယ်ညာရွှေ့ပြီးသေချာ ကြည့်ပါ။ လက်ခံနိုင်တဲ့ အရည်အသွေးထွက်တယ် ဆိုရင် တစ်ကယ် ကောင်းလို့ပါ။ နောက်ပိုသေချာတဲ့ နည်းတစ်နည်းကတော့ မိမိရဲ့ SD ကဒ်တစ်ကဒ်  ကိုအသုံးပြုပြီး ဇကာတင် ရွေးထားတဲ့ ကင်မရာ ၃မျိုးလောက် နဲ့ ဓါတ်ပုံ တစ်ပုံစီ ရိုက်လိုက်ပါ။ အနီးဆုံး ဓါတ်ပုံဆိုင်တစ်ဆိုင်ကို သွားပြီး နှစ်သက်ရာ size နဲ့ဓါတ်ပုံတွေ ထုတ်လိုက်ပါ။ ဓါတ်ပုံ စက္ကူပေါ်မှာပါ စိတ်တိုင်းကျပြီဆိုရင်တော့ သင့်အတွက် တစ်ကယ်သင့်တော်တဲ့ Camera တစ်လုံးကို ရရှိပါပြီ။

အနှစ်ချုပ် အနေနဲ့ ပြန်ပြောရရင် တော့ (၁) Focal Length 28mm ကနေ 105mm (သို့မဟုတ်) 28mm ထက်သေးပြီး 105mm ထက်ပိုများသော (၂) Image Stabilizer ပါရပါမည် (၃) LCD ကျယ်ကျယ်ဝန်းဝန်းနှင့် ပြတ်သားမှု ကောင်းမွန်ရပါမည် (၄) Megapixel အရေးမကြီးပါ အခုချိန်ခါတွင် ကင်မရာမော်ဒယ်များအားလုံးသည် ရှိသင့်သော Megapixel ထက်ပိုမိုသော မော်ဒယ်များချည်းဖြစ်နေပါပြီ (၅) Sensor Size ကြီးလေ ကောင်းလေ ဖြစ်ပါတယ်။

ဒီဆောင်းပါလေးဟာ ခုမှ Camera ၀ယ်ယူမဲ့ သူများ အတွေ့အကြုံမရှိသေးသူများ အတွက် တစ်စုံတစ်ခု အထောက်အကူ ရစေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။



ကိုငယ် (မန္တလေး)

1 comment:

  1. နိုးထူးDecember 29, 2012 at 7:21 PM

    ကိုငယ် ရေ ကျွန်တော်ရှာနေတာကြာပြီ။ဒီညမှဘဲဒီဆိုက်ကိုသွားတွေ့တာအတိုင်းထက်အလွန်ဝမ်းသာရပါတယ်၊ကိုငယ်ကိုလဲအထူးကျေးဇူးတင်ပါတယ်၊ဆက်ပြီးရေးပြီးတင်ပေးပါ၊ဗွီဒီယိုကင်မရာနဲ့ပါတ်သက်တဲ့သိသင့်တဲ့အချက်တွေကိုလဲတင်ပးစေချင်ပါတယ်၊၀ါသနာပါလို့ပါ၊နောက်ပြီးတတ်နိုင်တဲ့နည်းနဲ့ကူညီချင်ပါတယ်၊

    ReplyDelete