Tuesday, December 20, 2011

Mini Projector များ၏ အသုံးဝင်ပုံများ





Mini Projector များသည် ဒီနေ့ခေတ် စီးပွားရေးလုပ်ငန်းရှင်၊ ကုန်ပစ္စည်း အရောင်းမြင့်တင်သူ၊ အင်ဂျင်နီယာ၊  ဒါရိုက်တာ စသည့် နယ်ပယ် ပေါင်းများစွာမှ အဆင့်မြင့် Professional များအတွက် အလွန်အသုံးတည့်လှသော ရှိကို ရှိသင့်သည့် တစ်ကိုယ်ရည် အထောက်အကူပြု ပစ္စည်းတစ်ခုဖြစ်ပါသည်။ လက်တွေ့ လုပ်ငန်းခွင်မှ ပုဂ္ဂိုလ်များအတွက် နေရာတော်တော်များများတွင် အသုံးဝင်လှသည်ကိုလည်း တွေ့ရပါသည်။ အကယ်၍ သင်သည် သင့်လုပ်ငန်းခွင်အတွက် Mini Projetor များအား မည်ကဲ့သို့ အသုံးချရမည်ကို သိရှိလိုပါက အောက်တွင် ဖော်ပြထားသော အသုံးချပုံ အချို့ကို လေ့လာကြည့်နိုင်ပါသည်။





Change The Style Of Presentation

စက္ကူ ကဒ်ပြား ဧရာမ ဇယားကွက်ကြီးတွေနဲ့ လုပ်ငန်း အစည်းအဝေးတွေမှာ တင်ပြရှင်းလင်းတဲ့ ခေတ်က တစ်ကယ်တော့ ကုန်လွန်ခဲ့ပြီဖြစ်ပါတယ်။ Microsoft Powerpoint လို Presentation Software တွေရဲ့ လွယ်ကူ ရှင်းလင်းလှတဲ့ တင်ဆက်ပုံတွေ ဓါတ်ပုံတွေ ဗီဒီယိုတွေ ဝေေ၀ဆာဆာ အသုံးပြုနိုင်တာတွေဟာ ကိုယ်ရှင်းလင်းတင်ပြမဲ့ ပရိတ်သတ်ရဲ့ အာရုံကို ဖမ်းစားနိုင်တယ်ဆိုတာကိုတော့ နှစ်တော်တော်ကြာကြာကပဲ အားလုံးသိကြပြီး ဖြစ်မှာပါ။ ခုတော့ ဒီ နည်းပညာတွေဟာ Projector ပုံးကြီးတွေတပ်ဆင်ထားတဲ့ ခန်းနားတဲ့ ဧရာမ အစည်းအဝေး ခန်းတွေထဲကနေ သင့်ရဲ့လက်ဖ၀ါးပေါ်ကို ရောက်ရှိလာပါပြီ။ ကုမ္ပဏီ အစည်းအဝေးခန်း ပြင်ပက အရေးပေါ် အစည်းအဝေးတွေ၊ မိမိ ကုန်ပစ္စည်းကို တာဝန်ရှိသူအချို့ထံ မိတ်ဆက် ရှင်းလင်း တင်ပြတာတွေ၊ အင်ဂျင်နီယာများအတွက် ဆိုရင်လဲ လုပ်ငန်းခွင်အတွင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွေမှာ  အရင်က သင့်အတွက် ခက်ခက်ခဲခဲ ရှင်းပြ ပြောဆိုခဲ့ရတာတွေဟာ ဗီဒီယို ကလစ်တစ်ခု ဖွင့်ပြရုံ Slide Show တစ်တွဲ လောက် ပြလိုက်ရုံနဲ့ ပရိတ်သတ်က သဘောပေါက် နားလည်သွားနိုင်တဲ့ အခွင့်အရေးကို သင် နေရာမရွေး အသုံးချနိုင်ပါပြီ။


Using Video Cilps in Your Training Classes

ကုမ္ပဏီအတွက် ၀န်ထမ်းသစ်တွေခေါ်ယူတဲ့အခါ ပို့ချပေးရတဲ့ Training တွေမှာ ဒါမှမဟုတ် နည်းပညာ အသစ်တစ်ခု အတွက် မိတ်ဆက် ရှင်းလင်း သင်ကြားပေး ရတဲ့ Training စတာမျိုးတွေမှာ စာရွက်စာတမ်း ပေါ်တွင်သာ ပုံအချို့ပြသပေးတာမျိုး သင်တန်းသားတွေကို သင့် ကွန်ပျူတာ Screen မှာ လာရောက် ကြည့်ရှုစေတာမျိုး ထက်စာရင် Mini Projector လေးတွေက သင့်ရဲ့ သင်တန်းတက်ရောက်သူတွေကို မြင်ကွင်း ကျယ်ကျယ်ပြန့်ပြန့် ပို၍မြင်နိုင်စေပြီး ပို၍စိတ်ပါဝင်စားမှု ရှိစေမှာ ဖြစ်ပါတယ်။ သင့်ရဲ့ ပို့ချပေးချက်ဟာလည်း သူတို့အတွက် ပိုမိုလေးနက်ပြီး တန်ဖိုးမြင့်တက်စေမှာ ဖြစ်ပါတယ်။




Entertainment at Waiting Room

တစ်ကယ်လို့များ သင့်ရဲ့ စီးပွားရေးလုပ်ငန်းမှာ ကိုယ့်ရဲ့ ဧည့်သည်တွေ ထိုင်စောင့်စရာ အခန်းတစ်ခုခု ရှိခဲ့မယ် ဆိုရင်တော့ TV အစီအစဉ် တွေကို Mini Projector လေးတွေအသုံးပြုပြီး ပြသဖျော်ဖြေ ပေးနိုင်ပါသေးတယ်။ မျက်နှာကြက်မှာ ချိတ်ဆွဲထားတဲ့ TV တွေကို ခေါင်းမော့ ကြည့်ရှုရတာထက်စာရင် သင့်ရဲ့ နံရံ အဖြူရောင် သို့မဟုတ် သပ်သပ်ရပ်ရပ် ချိတ်ဆွဲထားတဲ့ Projector Screen လေးက စိတ်ဝင်စားမှုလဲ ပိုစေပြီး ခေါင်းမော့ဖို့ အခက်အခဲ ရှိသူများ အတွက်ပါ အဆင်ပြေသွားနိုင်ပါတယ်။ သင့်ရဲ့ အခန်းအတွက်လဲ ကုန်ကျစရိတ် နည်းနည်းနဲ့ လှလှပပ ပြင်ဆင်စရာ စိတ်ကူးဆန်းဆန်း တစ်ခုလောက် ရသွားနိုင်ပါသေးတယ်။


Promote Your Products

သင့်ရဲ့ ကုန်ပစ္စည်းတွေကို အရောင်းမြှင့်တင်ဖို့ အတွက်လဲ Mini Projector တွေကို အသုံးပြုနိုင်ပါတယ်။ ဥပမာပြောရရင်တော့ ညဘက်မှာ သင့်အရောင်းဆိုင်ရဲ့ အပြင်ဘက် နံရံ တစ်ခုခု သို့မဟုတ် အဆင်သင့်တဲ့ နေရာတစ်ခုခုမှာ သင့်ရဲ့ ကုန်ပစ္စည်းကြော်ငြာ Slide Show တွေ ဒါမှမဟုတ် ကြော်ငြာ ဗီဒီယိုတွေ ဒါမှမဟုတ် ကြော်ငြာစာသားတွေ စတဲ့ နှစ်သက်ရာ ကြော်ငြာပုံစံကို အသုံးပြုကြော်ငြာဖို့အတွက် Projector လေးတွေ တပ်ဆင် ထားနိုင်ပါတယ်။ တစ်ကယ်လို့ သင်ဟာ ရွေ့လျား အရောင်းဆိုင်လုပ်ငန်း တစ်ခုကို လုပ်ကိုင်နေသူ ဖြစ်ရင်တော့ သင့်လုပ်ငန်း အရောင်းမြှင့်တင်ရေးအတွက် ကုန်ကျစရိတ်နည်းပြီး အလွန်အသုံးတည့်သော ပစ္စည်းတစ်ခု ဖြစ်တာသေချာပါတယ်။


Using As Family Fun Stuff




မိသားစု အပျော်ခရီးသွားကြတဲ့ အခါ၊ ဘုရားဖူး ခရီးတွေသွားကြတဲ့ အခါ အမှတ်တရ ဓါတ်ပုံတွေ ဗီဒီယိုတွေ မလွဲမသွေ ရိုက်ကူးကြမှာ အမှန်ပါ။ ရိုက်ကူးခဲ့သမျှတွေကို အိမ်မှာပဲဖြစ်ဖြစ် လမ်းမှာပဲဖြစ်ဖြစ် တည်းခိုရာ ဟိုတယ် စသည်မှာပဲဖြစ်ဖြစ် နေရာဒေသမရွေး အချိန်မရွေး အသုံးပြုနိုင်တဲ့ Mini Projector လေးတွေကိုသုံးပြီး မိသားစုတွေ ပြန်လည် ကြည့်ရှု ရယ်မောကြရရင်တော့ ခါတိုင်းထက် ပိုမိုထူးခြားတဲ့ ပျော်ရွှင်ကြည်နူးဖွယ် ခရီးစဉ်လေး တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါမှမဟုတ် ကလေးတွေ အိပ်ခန်းထဲမှာ ထားဖို့ တန်ဖိုးကြီးတဲ့ တီဗီအစား Mini Projector တစ်ခုကို အသုံးပြုခြင်းအားဖြင့် LCDTV ဒါမှမဟုတ် CRT-TV စတာတွေရဲ့ထိခိုက် ပျက်စီးလွယ်တဲ့ အန္တရယ် တွေကို ကာကွယ်နိုင်ပါသေးတယ်။

အခုတင်ပြခဲ့တာတွေကတော့ Mini Projector တွေရဲ့ များလှစွာသော အသုံးဝင်မှုတွေထဲက အချို့ကို ထုတ်နှုတ် တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီ ပစ္စည်းလေးတွေကို မိမိ အသုံးနှင့် ကိုက်ညီစွာ စိတ်ကူးရှိသလောက် တီထွင်ဖန်တီး အသုံးပြု နိုင်ကြပါစေကြောင်း တင်ပြလိုက်ရပါတယ်။




ကိုငယ်(မန္တလေး)

No comments:

Post a Comment