Tuesday, December 20, 2011

Digital Camera များအကြောင်း တစ်စေ့တစ်စောင်း





Digital Camera (သို့ ) Digicam ဆိုတာ ဓါတ်ပုံများကို ဖလင် အစား Electronic Image Sensor   ဖြင့်ဖမ်းယူတဲ့ ကင်မရာဖြစ်ပါတယ်။ အများစုသော Digital Camera များဟာ ဓါတ်ပုံ သာမက ဗီဒီယိုများ ကိုပါ အသံနှင့်တစ်ကွ ဖမ်းယူနိုင်ပါတယ်။  ၂၁ ရာစု ကင်မရာ အများစုကတော့ Digital Camera များပဲ ဖြစ်ကြပါတယ်။ Digital Camera များဟာ Film Camera များမှာမရှိတဲ့ စွမ်းရည်များဖြစ်တဲ့ ရိုက်ကူးပြီး  ဓါတ်ပုံများကို ချက်ခြင်းပြန်လည်ကြည့်ရှုနိုင်ခြင်း၊  ထောင်ဂဏန်း အရေအတွက် ရှိသောဓါတ်ပုံများကို သေးငယ်သော memory card တစ်ခုတည်းပေါ်တွင် မှတ်သားနိုင်ခြင်း ဗီဒီယိုများ ရိုက်ကူးနိုင်ခြင်း ရိုက်ကူးပြီး ပုံများကိုလည်း Memory Space အတွက် ပြန်လည် ဖျက်ပစ်နိုင်ခြင်း၊ အချို့သောကင်မရာများတွင်  ဓါတ်ပုံတည်းဖြတ် ပြင်ဆင်ခြင်း ကိုပင် ပြုလုပ်နိုင်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါတယ်။ မှန်ဘီလူး ကနေတစ်ဆင့် ပုံရိပ်ဖမ်းယူပုံ  အဆင့် ကတော့  Film Camera များ နှင့်  အတူတူပင် ဖြစ်လင့်ကစား  ပုံရိပ်ကိုမှတ်သား ဖမ်းယူတာ ကတော့ Chemical Film အစား Electronic စံနစ်ပဲဖြစ်ပါတယ်။ Digital Camera များဟာ မြောက်များလှစွာသော ဓါတ်ပုံ ကင်မရာများ၊ Personal Digital Assistant (PDA) များ မိုဘိုင်းဖုန်းများ နှင့် မော်တော်ယာဉ် အစရှိတဲ့ စက်တပ်ယာဉ်များ မှာအသုံးပြုတဲ့ Electronic ပစ္စည်းကိရိယာများမှာ စသည့် နေရာပေါင်းမြောက်များစွာတို့မှာ ပါဝင်အသုံးပြုလျက် ရှိပါတယ်။


Types Of Digital Cameras


Digital Camera များကို အရွယ်အစား၊ ဈေးနှုန်း နှင့် စွမ်းဆောင်ရည် များအပေါ်မူတည်၍ များစွာ ထုတ်လုပ် ထားပါသည်။ အဓိကအားဖြင့် Mobile Phone Camera များမှအစ Professionalသုံး Digital Single-Lens Reflex (DSLR) များနှင့် စီးပွါးရေး လုပ်ငန်းသုံး Medium Format Camera များ အဆုံး နှင့် ၎င်းတို့ ကြားတွင်ရှိသော အပျော်တမ်း Digital Compact (OR) Point and Shoot Camera များ အလယ်အလတ်တန်း Prosumer (OR) Bridge Digital Camera  စသည်ဖြင့် မြင်တွေ့ နိုင်ပါတယ်။


Mobile Phone Camera များ





ဒီနေ့ခေတ် Mobile phones တွေမှာတော့ ကင်မရာတွေဟာ မပါမဖြစ် feature တစ်ခုဖြစ်လို့နေပါပြီ။ တစ်ချို့ သော Mobile phone တွေမှာဆိုရင် အတော်လေး ကောင်းမွန်တဲ့ camera တွေပါရှိလာပြီး Full HD 1080p ဗီဒီယို ကိုပင် ရိုက်ကူးလို့ ရနိုင်တဲ့ Mobile phone တွေရှိလာပြီဖြစ်ပါတယ်။ Digital Camera တွေနဲ့ အဓိက ကွာခြားနေသေးတာကတော့ အများစုသော Phone camera တွေမှာ Optical Zoom မပါရှိသေးတာနဲ့ Optical Image Stabilizer မပါရှိသေးတာ ဖြစ်ပါတယ်။ Shooting modes တွေမှာလဲ Digital Camera တွေလောက် ကျယ်ကျယ်ပြန့်ပြန့် မပါရှိသေးပေမယ့် Snap Shot (လျှပ်တပြက်) ပုံများအတွက်တော့ ကောင်းမွန်တဲ့ ပုံတွေ ရရှိနိုင်ပါတယ်။ အတော်ကောင်းမွန်တဲ့ Camera ပါရှိတဲ့ Mobile အချို့ကို ဥပမာ ပြရရင် တော့ Nokia N8 မှာဆိုရင် 12 Megapixels အရွယ်အစားရှိတဲ့ ဓါတ်ပုံများကို ရိုက်ကူးနိုင်ပြီး Carl Zeiss ကုမ္ပဏီထုတ် မှန်ဘီလူးကို တပ်ဆင်ထားပါတယ်။ Image Sensor Size ဟာ 1/1.83” အရွယ်အစားရှိပြီး ဒါဟာ ဈေးကွက်ထဲက ၉၀% သော Digital Compact Camera များမှာပါရှိတဲ့ Image Sensor size ထက် ကြီးပါတယ်။ 720p HD Video ကို 30 frames per second နဲ့ ရိုက်ကူးနိုင်ပြီး အလင်းရောင်အားဖြည့်နိုင်ဖို့ Xenon flash တပ်ဆင်ထားပါတယ်။ HTC Sensation 4G မှာဆိုရင်လဲ 8 MP Size ဓါတ်ပုံများ ရိုက်ကူးနိုင်ပြီး 1080p Full HD Video ကို 30 fps ဖြင့် ရိုက်ကူးနိုင်ကာ Electronic Imgae Stabilizer ပင်ပါရှိတာ တွေ့ရပါတယ်။


Compact (OR) Point and Shoot Digital Camera များ




Digital Compact Camera များကို သေးငယ် ပေါ့ပါးပြီး အလွယ်တကူ သယ်ဆောင်သွား၍ ရစေရန် ရည်ရွယ် ထုတ်လုပ်ထားပါတယ်။ သူတို့ကို တစ်ခါတစ်လေမှာ Point and Shoot Camera လို့လဲ ခေါ်ကြပါတယ်။ များသောအားဖြင့် Auto focus lens တွေ Automatic functions တွေပါဝင်ပြီး ဓါတ်ပုံပညာ အခြေခံမရှိသူများပင် ခလုပ်တစ်ချက် နှိပ်ရုံနဲ့ အလွယ်တကူ ရိုက်ကူးလို့ အဆင်ပြေအောင် ပြုလုပ်ထားပါတယ်။  အလင်းရောင် လုံလောက်စွာ ရရှိတဲ့ နေရာတွေမှာဆိုရင်တော့ Snap shot ရိုက်ချက်တွေမှာ Prosumer ကင်မရာတွေ DSLR ကင်မရာတွေနဲ့မခြား ကောင်းမွန်တဲ့ ပုံတွေကို ရရှိနိုင်ပါတယ်။ အများအားဖြင့် Optical Image Stabilizer ပါရှိတာကြောင့် Mobile phone camera များနဲ့နှိုင်းယှဉ်ပါက ရိုက်ကူးစဉ် တုန်ခါမှုကြောင့် ဖြစ်သော ဓါတ်ပုံများ မပြတ်သားခြင်းကို ပိုမို လျော့ချပေးနိုင်ရုံသာမက ဗီဒီယို များရိုက်ကူးရာမှာလဲ တုန်ခါမှုနဲတဲ့ ဗီဒီယို Clip တွေရရှိစေပါတယ်။ အချို့သော Compact camera များမှာ ခပ်ဝေးဝေး ဆွဲနိုင်သော Opitcal Zoom ပါရှိတာကြောင့် ဓါတ်ပုံများ ဗီဒီယိုများ ရိုက်ကူးရာမှာ အဆင်ပြေစေပါတယ်။ ဈေးနှုန်း ကိုလိုက်ပြီး အရည်အသွေး အမျိုးအမျိုး ထုတ်လုပ်ထားပါတယ်။ အနိမ့်ဆုံး အမေရိကန် ဒေါ်လာ ၈၀ လောက်ကနေ ဒေါ်လာ ၄၅၀ ၀န်းကျင် လောက်ထိရှိပါတယ်။ Canon ကထုတ်တဲ့ Powershot series S95 ဆိုတဲ့ အမျိုးအစားကတော့ လောလောဆယ် အကောင်းဆုံး Compact Camera အဖြစ် နာမည်ကျော် Camera Review များရေးသားသူ Ken Rockwell ကမှတ်ချက်ပြုထားပါတယ်။


Prosumer (OR) Bridge Digital Camera



ဓါတ်ပုံဟာ သင့် ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခု ဒါမှမဟုတ် အသက်မွေး ၀မ်းကျောင်းမှုဆိုင်ရာ ကိစ္စ တစ်ခုခု နဲ့ပါတ်သက်လာပြီဆိုရင်တော့ သင့်မှာ ကင်မရာ ကောင်းကောင်း တစ်လုံးရှိဖို့ လိုအပ်လာပါပြီ။ Professional သုံး DSLR တွေလောက်လဲ အသုံးမပြုချင်သေးဘူး ပြီးတော့ ဓါတ်ပုံ အရည်အသွေး ကိုလည်း မြင့်မြင့်မားမား လိုချင်ရင်တော့ Prosumer Digital Camera တွေဟာ သင့်အတွက် အကောင်းဆုံး ရွေးချယ်မှု တစ်ခုပါ။ Prosumer Camera တွေဟာ အများအားဖြင့်တော့ DSLR တွေလို ကင်မရာ မှန်ဘီလူးတွေ လဲလှယ် တပ်ဆင်လို့ မရပါဘူး။ ဒါ့အပြင် Image Sensor Size ဟာ DSLR တွေထက် ပို၍သေးငယ် ပြီးတော့ Manual Function တွေမှာ DSLR တွေထက် လျော့နည်းပြီးပါဝင်ပါတယ်။ Digital Camera ဈေးကွက်ကြီးဟာ တစ်နှစ်ထက်တစ်နှစ် အရှိန်အဟုန် ပြင်းစွာ ပေါက်ကွဲ ကျယ်ပြန့် လာတာ နဲ့အတူ Compact ကင်မရာတွေထက် အရွယ်အစားနဲ့ နည်းပညာ ကန့်သတ်ချက်တွေ ပို၍နဲပါးတဲ့ Prosumer Camera ဈေးကွက်ကလဲ ကျယ်ပြန့် လာပါတယ်။ နောက်ဆုံးပေါ် ရေပန်းစားနေတဲ့ Mirrorless Interchangable lens camera တွေနဲ့ သူတို့လိုပဲ Lens တွေလဲလှယ် တပ်ဆင်လို့ ရတဲ့ Micro Four-Third camera တွေပါ ဒီအုပ်စုထဲမှာ ထည့်သွင်းမယ် ဆိုရင်တော့ Digital Camera ဈေးကွက်မှာ အကျယ်ပြန့်ဆုံး အုပ်စုလို့ သတ်မှတ်နိုင်ပါလိမ့်မယ်။


Digital Single-Lens Reflex (DSLR) ကင်မရာ များ



Digital Single Lens Reflex လို့ခေါ်တဲ့ DSLR ကင်မရာတွေကို Image Sensor Size ကြီးမားသောကြောင့် ဓါတ်ပုံ အရည်အသွေး ကောင်းမွန်ခြင်း၊ မိမိ အလိုရှိနှစ်သက်ရာ မှန်ဘီလူးများ တပ်ဆင် လဲလှယ် အသုံးပြုနိုင်ခြင်း၊ ရိုက်ကူးနေချိန် အခိုက်အတန့်ရဲ့ အလင်းအမှောင် အနေအထားကို အနီးစပ်ဆုံး ကြိုတင်ကြည့်ရှုနိုင်ခြင်း၊ စိတ်ကြိုက် ဖန်တီးတီထွင် ဆန်းသစ်နိုင်ရန် Camera အား ချိန်ညှိနိုင်ခြင်း စသည်တို့ကြောင့် အများအားဖြင့် ဓါတ်ပုံ Professional တွေနဲ့ ဓါတ်ပုံ ပညာ အထူးစိတ်ဝင်စားသူများ က ရွေးချယ်ကြပါတယ်။ DSLR ကင်မရာတွေကို အကြမ်းဖြင်း (၁) Entry Level Camera (၂) Mid Range Level နဲ့  (၃) Professional Level ဆိုပြီး အုပ်စု ၃ ခုခွဲလေ့လာနိုင်ပါတယ်။ အုပ်စု အသီးသီးက ကင်မရာတွေဟာ Image Sensor Size ပါဝင်သည့်  စွမ်းဆောင်ရည်များ၊  ဖွဲ့စည်းတည်ဆောက်ထားသည့် ကိုယ်ထည် အရည်သွေး စသည်တို့ပေါ်တွင် မူတည်၍ ခွဲခြားသတ်မှတ်ထားပါတယ်။ ခုနောက်ဆုံး ရေပန်းစားလာတဲ့ DSLR တွေကတော့ HD Movies ကိုပါရိုက်ကူးနိုင်တဲ့ HDSLR မော်ဒယ်တွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ကြီးမားတဲ့ Sensor Size အမျိုးမျိုးသော များပြားလှတဲ့ လဲလှယ်တပ်ဆင်စရာ မှန်ဘီလူးများ ထူးခြားကောင်းမွန်လှတဲ့ ဗီဒီယို အရည်အသွေး စတာတွေဟာ ကမ္ဘာ့ ရုပ်ရှင်ရိုက်ကူးရေး လောကထဲထိပင် ထိုးဖောက်ပြန့်နှံ့လာပြီ ဖြစ်ပါတယ်။



Digital Medium Format ကင်မရာများ


Medium Format Camera တွေကို အများအားဖြင့် ကုန်ကျစရိတ်ကြီးမြင့်သော စီးပွားရေးလုပ်ငန်း ကြော်ငြာများ အတွက် အသုံးပြုကြပါတယ်။ သူတို့ရဲ့ အဓိက အားသာချက်ကတော့ Sensor Size ကြီးမားလှသောကြောင့် အလွန်ကြီးမားသော ဓါတ်ပုံ Size များ (High Megapixels) ရရှိခြင်းပဲ ဖြစ်ပါတယ်။ Medium Format Camera များရဲ့ Sensor Size ဟာ 35mm Full Frame Sensor ထက် ၂ ဆခန့် ပိုမို ကြီးမားပါတယ်။ Megapixels အရေအတွက် အနေနဲ့ Leaf ကုမ္ပဏီမှ ထုတ်လုပ်တဲ့ Leaf Aptus-II 12 ကင်မရာ ဟာ 80 Megapixels ထိတစ်ပုံခြင်းအနေဖြင့်  မြင့်မားစွာရိုက်ကူး နိုင်တာကို တွေ့ရပါတယ်။ Hasselblad ကုမ္ပဏီမှလဲ မြင့်မားသော နည်းပညာဖြင့် ၆ ချက်ရိုက်ကူးကာ တစ်ပုံတည်း အဖြစ် 200 Megapixels ထိ ထုတ်လုပ်ပေးနိုင်သော နည်းပညာများ ဖြင့် H4D-200M S ကင်မရာသစ်ကို မကြာသေးမီကပင် မိတ်ဆက် ထားပါတယ်။ Medium Format Camera များမှာ တန်ဖိုး ကြီးမြင့်လှသော်လဲ ဆိုက်ကြီးမားလှသော ကြော်ငြာ ပိုစတာကြီးများ Resolution အထူးကောင်းမွန်ရန် လိုအပ်သော တန်ဖိုးမြင့် ကြော်ငြာများ စသည်တို့ အတွက် မရှိမဖြစ် ကင်မရာများ ဖြစ်သဖြင့် ဈေးကွက်အတွင်း၌ ခန့်ထည်စွာ နေရာယူထားကြသည်ကို တွေ့နိုင်ပါတယ်။

ကိုငယ်

3 comments:

  1. နီကွန်အကြောင်း များများရေးပါ။
    ဒီနိုင်တီ့ အကြောင်း ရေးပေးပါ။

    ပုံ/
    ပို့စ်အဟောင်းများ မဖတ်ပဲ အခုပို့စ်မှ ဖတ်သူ

    ReplyDelete
  2. ဒီနိုင်တီးက မော်ဒယ်အောက်သွားပါပြီဗျာ..

    ReplyDelete
  3. ရန်ကင်းDecember 29, 2012 at 6:07 PM

    ဗွီဒီယိုကင်မရာ၊ဒီဂျစ်တယ်ကင်မရာတလုံးရဲ့ဖွဲ့စည်းပုံ၊အခေါ်အဝေါ်၊အဓိပါယ်ဖွင့်ဆိုချက်၊စက်တင် ချိန်ခြင်း၊နည်းပညာများတင်ပေးပါလို့

    ReplyDelete