Sunday, July 22, 2012

Macro ဓါတ်ပုံအတွက် အခြေခံ ဖွဲ့စည်းပုံများ




ကောင်းမွန်သော ဓါတ်ပုံတစ်ပုံ အတွက် အရေးအကြီးဆုံး အချက်တစ်ခုကို ပြပါဆိုလျှင် ဖွဲ့စည်းပုံ (Composition) ဟုပြောကလွန်အံ့ မထင်ပါ။ ဓါတ်ပုံတစ်ပုံ၏ ဖွဲ့စည်းပုံဆိုသည်မှာ ရိုက်ကူးလိုက်သည့် ပုံအတွင်း ပါဝင်ဖွဲ့စည်းသည့် အရာများ (တစ်နည်းဆိုသော်) အရာဝထ္ထုများကို နေရာတကျ ထည့်သွင်း ရိုက်ကူးခြင်းပင်ဖြစ်သည်။ ဓါတ်ပုံဆရာတစ်ဦး အတွက် အထူးအလေးပေး ရွေးချယ်စရာများ အဖြစ် မည်သည့် ကင်မရာ၊ မည်သည့် မှန်ဘီလူး (သို့မဟုတ်) အခြားသော ထွေထွေရာရာ တပ်ဆင်ပစ္စည်းများ ရှိမည်ဖြစ်သော်လည်း ဓါတ်ပုံ၏ဖွဲ့စည်းပုံကောင်းမွန်မှုမပါဘဲ ဆွဲဆောင်မှုရှိသော ပြေပြစ်လှပသော ရှုချင်စဖွယ် ပုံကောင်းတစ်ပုံအဖြစ် ရရှိနိုင်မည်မဟုတ်ပေ။ ယခုဆောင်းပါးတွင် Macro ဓါတ်ပုံတစ်ပုံ ရိုက်ကူးရာတွင် အသုံးပြုသင့်သည့် အခြေခံ ဖွဲ့စည်းပုံ အချို့အကြောင်း ဆွေးနွေးတင်ပြပါမည်။


Macro ဓါတ်ပုံဆိုသည်မှာ ဧရာမ ဓါတ်ပုံဟု ဆိုရမည်ဖြစ်သည်။ သေးငယ်သော အရာလေးများ သတ္တ၀ါလေးများ နှင့် ပစ္စည်းလေးများ အစရှိသည်တို့ကို ကြီးမားစွာ ချဲ့ယူရိုက်ကူးသော ဓါတ်ပုံအမျိုးအစားဖြစ်သည်။ Macro ဓါတ်ပုံအတွက် အရေးအကြီးဆုံး အချက်မှာ Point of view ဟုခေါ်သည့် ကြည့်မြင်သည့် ရှုဒေါင့်ပင် ဖြစ်သည်။ အောက်တွင် ဖွဲ့စည်းပုံ ဥပဒေသ အချို့ကို ဖော်ပြသွားပါမည်။

ဦးတည်ရာ ရပ်ဝန်း (Lead Room)




ထည့်သွင်းရိုက်ကူးမည့် အရာဖြစ်သည့် သတ္တ၀ါလေးများ၏ ဦးလှည့်ရာ ဘက်တွင် နေရာ အနည်းငယ် ချန်ထားရိုက်ကူးခြင်းသည် Macro ဓါတ်ပုံများဖွဲ့စည်းပုံအတွက် အရေးပါသည့် အချက်တစ်ခုဖြစ်သည်။ အယူအဆမှာ ဓါတ်ပုံ၏အနားသတ် ဘောင်အတွင်း အကောင်ငယ်လေးများ မျက်စိကြည့်ရှုနေသည့် ဘက်တွင် နေရာလွတ် အနည်းငယ်ချန်ပေးထားခြင်းက အနားသတ်ဘောင်ကို အနီးကပ်ကြည့်ရှုနေသကဲ့သို့ နီးကပ်စွာရိုက်ကူးထားခြင်းထက် ဓါတ်ပုံကို ကြည့်ရှုသူတို့အတွက် ပိုမို အဆင်ပြေ နှစ်လိုဖွယ်ရှိစေသည်။ သို့ရာတွင် ၎င်းကို ပေါ်လွင်စေရန် အလွန်အမင်း အားထုတ်ခြင်းမျိုး ဥပမာဓါတ်ပုံ၏ အခြားတစ်ဘက်ခြမ်း သို့မဟုတ် တစ်ခြားထောင့်တစ်ခုဆီသို့ ပို့ပစ်ရန် ဆိုလိုခြင်းမျိုး မဟုတ်ပေ။ ကိုယ်ရိုက်ကူးမည့် အရာ၏ မျက်နှာမူရာဘက်တွင် အနည်းငယ် ချောင်ချောင်ချိချိ ရှိစေရန် အတွက်နေရာအနည်းငယ် ချန်ပေးခြင်းမျိုးသာ ဖြစ်သည်။ ပုံတွင် ကြည့်ရှုခြင်းဖြင့်  အကြံဥာဏ် အချို့ရရှိနိုင်မည်ဖြစ်သည်။

သုံးချိုးမျဉ်း ဥပဒေသ (Rule of third)

သုံးချိုးမျဉ်း ဥပဒေသသည်လည်း Macro ဓါတ်ပုံများ ရိုက်ကူးရာတွင် မျှတစွာအချိုးညီ စေရန် များစွာ အထောက်အပံ့ပေးနိုင်သည်။ ဓါတ်ပုံရိုက်ကူးမည့် မြင်ကွင်းကို မျဉ်းသုံးကြောင်းစီ  ပိုင်းခြားလိုက်ပါက 



ဖြစ်ပေါ်လာမည့် အလျားလိုက်မျဉ်းနှင့် ထောင်လိုက်မျဉ်းတို့ ဆုံရာ ဆုံမှတ်များတစ်ဝိုက် ထည့်သွင်းရိုက်ကူးလိုသည့် အကောင်ငယ်လေးများကို နေရာချထားပေးခြင်းဖြစ်သည်။ သို့ရာတွင် အနေအထားအလိုက် အချို့ မိမိဘက်သို့ မျက်နှာမူ ကြည့်ရှုနေသည့် အကောင်ငယ်လေးများ ရိုက်ကူးရာတွင် ၎င်းကို အလယ်တွင်နေရာချကာ ထက်အောက် ကစားပေးခြင်းဖြင့် ပိုမို သက်ဝင်သည့် ပုံများကို ရရှိသည်လည်း ရှိသည်။ ပုံများကို လေ့လာကြည့်ပါ။

ဒေါင့်ဖြတ်လိုင်းများနှင့် အလေးဝန်ဖော်ဆောင်မှု (Diagonal lines and Compositional weight)

နောက်ထပ် အရေးတကြီး မှတ်သားထားရန် အချက်တစ်ခုမှာ ဓါတ်ပုံ အနားလိုင်းများနှင့် အပြိုင် ပေါ်လွင်ထင်ရှားသော မျဉ်းပုံသဏ္ဍန်များပါရှိနေခြင်းသည် ကြည့်ရှုသူအတွက် စိတ်မသက်မသာဖြစ်စေသည်။ ၎င်းအစား ကန့်လန့်ဖြတ် သဏ္ဍန်မျဉ်းများ ပါရှိနေခြင်းကမူ ထည့်သွင်းရိုက်ကူးမည့် အကောင်ငယ်လေးများကို ပံ့ပိုးအားဖြည့်ပေးသည်။ ထို့ပြင် ပုံတွင်ပြထားသကဲ့သို့ သစ်ရွက်ကလေးက အကောင်ငယ်လေး၏ အလေးချိန်ကြောင့် ညွှတ်ကျနေသည့် ပုံရိပ်လေးက ကြည့်ရှုသူတို့အတွက် အလေးဝန်တစ်ခုရှိနေခြင်းကို သိရှိခံစားရစေပြီး ပိုမို၍ အချိုးညီပြေပြစ်သည့် ပုံရရှိစေသည်။



ဖော်ပြပါ အခြေခံ နည်းလမ်းများကို လက်တွေ့အသုံးပြုခြင်းအပြင် မိမိ အမြင်များနှင့်ပါပေါင်းစပ်၍ ရှည်လျားသော အကောင်လေးများဆိုပါက တစ်ဝက်ခန့်သာ ထည့်သွင်းရိုက်ကူးခြင်း ဓါတ်ပုံမျက်နှာပြင် အပြည့် ထည့်သွင်းရိုက်ကူးခြင်း စသည်ဖြင့် လက်တွေ့ရိုက်ကူးကြည့်ခြင်းဖြင့် ဆန်းသစ်သည့် အမြင်များ ပိုမိုရရှိကာ ပိုမိုလှပ စွဲဆောင်မှုရှိသည့် ပုံများ ရိုက်ကူးနိုင်လာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ကိုငယ် (မန္တလေး)

ကိုးကား နှင့် ဓါတ်ပုံများ - www.dpreview.com







1 comment:

  1. ကျေးဇူးပါ share ခွင့်ပြုပါ

    ReplyDelete