Saturday, March 3, 2012

၂၀၁၂ အတွက်မျှော်လင့်နိုင်သော IT နည်းပညာ ပစ္စည်းများ


၂၀၁၂ အတွင်း ချဉ်းနင်းဝင်ရောက်ခဲ့ပြီးသည့်နောက် ယခုနှစ်အတွင်း လူအများကို စိတ်ဝင်တစား ဆွဲဆောင်စေမည့် IT Gadgets ခေါ် နည်းပညာမြင့် တစ်ကိုယ်ရည်သုံး ပစ္စည်းအသစ်များကို မျှော်လင့်စောင့်စား လျက်ရှိကြပါသည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း အထူးရေပန်းစားခဲ့သည့် Apple မှ iPad 2, iPhone 4s Google Chrome Book, Samsung Galaxy SII, Samsung Galaxy Note စသည့် ပစ္စည်းများနည်းတူ ယခုနှစ်အတွင်း ထပ်မံထွက်ရှိမည်ဟု မျှော်လင့်ရသော နည်းပညာပစ္စည်း တို့၏ ကြိုတင်ခန့်မှန်းချက်အချို့ကို ဖော်ပြပါမည်။


Apple iPhone 5





မြေကြီးလက်ခတ်မလွဲနီးပါးလောက် သေချာတာတစ်ခုကတော့ ယခုနှစ်အတွင်း iPhone 5 ထွက်ရှိမည် ဆိုခြင်းပင်ဖြစ်သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက iPhone ပရိတ်သတ်များ ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ရသော iPhone 4s ထွက်ရှိအပြီးတွင် ယခုနှစ်အတွက် ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်များဖြင့် Personal Intelligent Assistant (Siri)၊ iPhone 4s တွင်အသုံးပြုထားသော Processor ထက်ပိုမိုကောင်းမွန်သော Quad-core A6 Processor ၊ ပိုမိုကြီးမားသော ၄လက်မ LCD ၊ လက်ရှိ 3G Network ထက်ပိုမိုမြန်ဆန်သော 4G-LTE Network ကိုချိတ်ဆက်အသုံးပြုနိုင်သည့်စွမ်းဆောင်ရည်၊ GSM ရော CDMA ပါနှစ်မျိုးလုံးအသုံးပြုနိုင်သည့်စွမ်းရည် စသည်တို့ဖြင့် iPhone 5 ကိုမြင်တွေ့ရဖွယ်ရှိသည်ဟု TECH&TREND အင်တာနက်ဝက်ဆိုက်မှသုံးသပ်ထားပါသည်။


Apple iPad 3


Apple Fan များအတွက် iPhone 5 နှင့်အတူ မျှော်လင့်နိုင်သည်မှာ iPad 3 ဖြစ်ပါသည်။ ပါဝင်လာဖွယ်ရှိသော Features များနှင့် စွမ်းဆောင်ရည်များအတွက် iLounge နှင့် Tech&Trend Website များမှ ပူးတွဲခန့်မှန်းချက်များမှာ ပိုမို၍အသုံးတာရှည်ခံမည့် 14000mAh (နာရီ၂၀ခန့်) ပါဝါပေးနိုင်မည့် Battery အသစ်တစ်မျိုး၊ ပိုမိုကောင်းမွန်သော Resolution 2048x1536 ရှိမည့် Retina Display ၊ စွမ်းရည်မြင့် Quad-core A6 Processor ၊ လက်ရှိ iPhone 4s တွင်ပါရှိသော Personal Assistant (Siri) ၊ ယခင် iPad 2 ထက် များစွာပိုမိုကောင်းမွန်လာမည့် Camera စသည်တို့အပြင် ပေါက်ကြားလာသော သတင်းတစ်ခုအဆိုအရ Wireless Battery Charging စံနစ်ပင် ပါဝင်လာမည်ဟုဆိုပါသည်။


SamSung Galaxy S3


ယခုနှစ်မေလမှာ ထွက်ရှိလာမယ့် Samsung ရဲ့ Galaxy S3 ကတော့ 7mm အထူသာရှိပြီး ကမ္ဘာ့ အပါးလွှာဆုံး Smart Phone ဖြစ်လာမယ်လို့ Samsung ရဲ့ပြောရေးဆိုခွင့်ရှိသူကဆိုပါသည်။ Android OS ၏ နောက်ဆုံး Version ဖြစ်သော (ICS) Icecream Sandwich ကိုအသုံးပြုထားမှာဖြစ်ပြီး 3D Camera , Quad-core Processor စသည့် တို့ဖြင့် အားဖြည့်ဖွယ်ရှိပါသည်။


Windows 8





နောက်ထပ် လူအများ မျှော်လင့်စောင့်စားနေသော အရာတစ်ခုမှာ Microsoft Windows 8 ဖြစ်ပါသည်။ User Interface (UI) အသစ်များ ပိုမိုအားကောင်းသော လုံခြုံရေးစံနစ်များအပြင် Windows App Store တွင်လည်း အသစ်အသစ်သော Application များထပ်မံထည့်သွင်းလာမည် ဖြစ်ပါသည်။ Windows 8 သည် ပထမဆုံးသော x86 Traditional PC များရော ARM Processor သုံး Mobile Devices များတွင်ပါ အသုံးပြုနိုင်သည့် Windows OS ဖြစ်ပါသည်။ USB 3.0 အတွက် ပင်ကိုယ် အထောက်အပံ့ပြုနိုင်ပြီး Tablet ကွန်ပျူတာများအတွက်ပါ လွယ်ကူအဆင်ပြေစေမည့် Features အသစ်များအပါအ၀င် Multimonitors အသုံးပြုခြင်းအတွက် အထူးအဆင်ပြေစေရန် ဆောင်ရွက်ထားမှုကလည်း ဆွဲဆောင်မှု အား ကောင်းစေပါသည်။


Playstation Vita



ယူနစ်ပေါင်း ၇၁သန်းကျော် ရောင်းချခဲ့ရသော PSP Playstation Portable ၏အောင်မြင်မှု အရှိန်အ၀ါ နောက်ဆက်တွဲအဖြစ် Sony မှ ယခုနှစ်အတွင်းတွင် Playstation Vita ကိုဖြန့်ချိမည်ဖြစ်သည်။ PSP နှင့် ပုံစံခြင်း ဆင်တူသယောင်ရှိသော်လည်း ပို၍ အဆင့်မြင့်စွာ ကော့ညွှတ်လှပစွာ ဒီဇိုင်းပြုလုပ်ထားပါသည်။ ၎င်းတွင် ၅လက်မ Multi-touch လက်ခံနိုင်သည့် OLED qHD Screen ကိုအသုံးပြုထားပါသည်။ ထို့ပြင် iPad 2 ထက်ပင် စွမ်းဆောင်ရည်ပိုမိုမြင့်မားသော Quad-core Graphic Processor ကိုအသုံးပြုထားသောကြောင့် အဆင့်မြင့်မားသော 3D Game များကို ချောမွေ့စွာ အခက်အခဲမရှိ ကစားနိုင်မှာဖြစ်ပါသည်။ ရှေ့နောက် ကင်မရာနှစ်လုံး ပါရှိပြီး လှုပ်ရှားမှုကို တန်ပြန်သက်ရောက်မှုပေးနိုင်သည့် Game များ Application များကိုပါ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် ၂၀၁၁ အတွင်းက အသုံးများခဲ့သော Dualcore Processors များနေရာတွင် Nvidia Trgra 3 Quad-core Processors များနှင့် Qualcomm Snapdragon Quad-core Processors များကအစားထိုး နေရာယူကြမှာဖြစ်ပါသည်။ အကျိုးဆက်အားဖြင့် ပိုမို ကောင်းမွန်သော Graphic များ Display များဖြင့် Gadget အများအပြားမြင်တွေ့လာဖွယ်ရှိပါသည်။ ထို့ပြင် နည်းပညာ ဖွံ့ဖြိုးမှုအားကောင်းလာကြသည့် အားလျော်စွာ ပြိုင်ဆိုင်မှုပိုမို ကြီးထွားလာမည်ဖြစ်ပြီး မည်သူက ၀ယ်ယူသုံးစွဲသူများအဖို့ အကျိုးကျေးဇူး ရလာဒ်များကို ပိုမိုဖော်ဆောင်ပေးနိုင်မည်ကို စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။



ကိုငယ် (မန္တလေး)

No comments:

Post a Comment