Wednesday, January 4, 2012

HDTV ရွေးချယ်ရာတွင် သိသင့်သောအချက်များ




ခေတ်ပေါ် တယ်လီဗေးရှင်း များ၏ နည်းပညာပြောင်းလဲမှုများသည် လျင်မြန်သော အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလျက် ရှိပါသည်။ ထို့ပြင် ယခင်ခေတ်များကကဲ့သို့ အရွယ်အစားနှင့် ထုတ်လုပ်သည့် ကုမ္ပဏီ ရွေးချယ်ရုံဖြင့် မပြီးနိုင်တော့ပေ။ အသုံးပြုထားသည့်  နည်းပညာနှင့် လုပ်ဆောင်နိုင်သည့် စွမ်းဆောင်ရည်များ ကိုပါ ထည့်သွင်းရွေးချယ်ရန် လိုအပ်လာပေသည်။
နည်းပညာ ပြောင်းလဲမှုများ အပေါ်တွင် ခေါ်ဝေါ်သုံးစွဲသည့် အသုံးအနှုန်းများမှာလည်း ၀ယ်ယူမည့်သူအား အလွန် စိတ်ရှုပ်ထွေးစေပါသည်။ ဥပမာအားဖြင့် HD-Ready, Full HD, LCD, LED, 3D စသည်တို့ အပြင် Wifi ,DLNA, Divx  စသည်ဖြင့် များပြားလှသည့် အတိုကောက် အသုံးအနှုန်းများမှာလည်း အာရုံထွေပြားစေပါသည်။ သို့သော်လည်း အောက်ဖော်ပြပါ အချက်များအား ဖတ်ရှုခြင်းအားဖြင့် HDTV နည်းပညာပိုင်းတွင် အကုန်အစင် သိရှိနိုင်မည် မဆိုသော်ငြားလည်း သင့်အတွက် အံဝင်ဂွင်ကျ ဖြစ်စေမည့် HDTV တစ်လုံးအား ကောင်းမွန်စွာ စိတ်အေးလက်အေး ရွေးချယ်နိုင်လိမ့်မည်ဖြစ်ပါသည်။


Standard Definition နှင့် High Definition

ပထမဦးစွာသိထားသင့်သည်မှာ Standard Definition (SD) နှင့် High Definition (HD) ကွာခြားချက်ပင်ဖြစ်ပါသည်။ High Definition (HD) Video မှာ အနည်းဆုံး 720 Vertical Resolution ရှိပြီး အမြင့်ဆုံး အနေဖြင့် Full HD ဟုခေါ်ဆိုသော 1080 Vertical Resolution ရှိပါသည်။ 720 ထက်နည်းသော Resolution ရှိသည့် TV များကို HDTV ဟုမခေါ်ဆိုနိုင်ပေ။ တယ်လီဗေးရှင်းများတွင် ဖော်ပြထားသော HD Ready ဆိုသည်မှာ 720 Pixel Resolution ထိပြသပေးနိုင်သော TV များဖြစ်ပြီး Full HD ဟုရေးသားပါရှိလျှင် 1080 ထိပြသပေးနိုင်ကြောင်း သိရှိနိုင်ပါသည်။ Interlace Scanning စံနစ် နှင့် Progressive Scanning စံနစ် ကွာခြားမှုရှိသေးသော်လည်း ယခုအခါ Progressive စံနစ်ကိုသာ တွင်တွင်ကျယ်ကျယ် သုံးလာပြီဖြစ်၍ Interlace စံနစ်ဖြင့်သာပြသနိုင်သော TV များမှာ ရှားပါးသွားပြီဖြစ်ပါသည်။




Plasma TV , LCD TV နှင့် LED TV

42” ထက်မကြီးသော TV များအတွက် LCD သို့မဟုတ် LED TV ကိုသာ ရွေးချယ်စရာရှိသော်လည်း 42” ထက်ကြီးသော TV များဝယ်ယူရာတွင် Plasma TV များမှာ Black Pixel များ၏ အရည်အသွေးကောင်းမွန်ခြင်းကြောင့် ပြေပြစ် ညက်ညောသော ပုံထွက်ရှိခြင်း ဘေးဘက် အနေအထားများမှ ကြည့်ရှုရာတွင် ရုပ်ပုံအရည်အသွေး ပြောင်းလဲမှုမရှိခြင်း စသည်တို့ကြောင့် ကြိုက်နှစ်သက်သူ များပြားပါသည်။ သို့သော်လည်း အနိမ့်တန်း Plasma TV များမှာမူ လည်းကောင်းတို့နှင့် အရွယ်တူ LCD, LED များထက် ပင်ကိုယ် Resolution မှာ လျော့နည်းလေ့ရှိတတ်ပါသည်။ 47” ထက်ငယ်သော TV များတွင် LCD TV များမှာ အလွန်ရေပန်းစား လူကြိုက်များလှပါသည်။ LCD Panel များမှာ လည်းကောင်းတို့၏ အလင်းပေးမှုစံနစ် Cold Cathode Florescent Lamps (CCFL) ၏ အားနည်းမှုကြောင့် အနက်ရောင်ပုံဖော်မှု နှင့် ဘေးဘက်မှ ကြည့်ရှုရာတွင် Plasma TV များလောက် မကောင်းသော်လည်း Resolution မြင့်မားခြင်း ဈေးနှုန်းချိုသာခြင်း တို့မှာမူ လူအများအား အထူးဆွဲဆောင်နိုင်သော အရည်အချင်းများဖြစ်ပါသည်။ LED TV ဆိုသည်မှာ လည်းကောင်း CCFL စံနစ်အစား LCD Panel ကို နောက်ဘက်မှ အလင်းပေးပုံဖော်ရာတွင် အလွန်သေးငယ်သည့် LED မီးလုံးလေးများကို အသုံးပြုသော LED-Backlit အမျိုးအစားဖြစ်ပါသည်။ နောက်ဆုံးပေါ် အမျိုးအစား LED TV များမှာ အနက်ရောင် pixels များ၏အရည်အသွေး အလွန်ကောင်းမွန်လာပြီး ပါဝါသုံးစွဲမှုမှာလည်း ပို၍လျော့နည်းလာပါသည်။ TV မျက်နှာပြင် အရွယ်အစား ရွေးချယ်ရာတွင် မိမိ အခန်းအကျယ်အ၀န်းနှင့် လိုက်လျောညီထွေမှုရှိရန် အရေးကြီးပါသည်။ မျက်နှာပြင် အရွယ်အစားနှင့် ကြည့်ရှုသည့် အကွာအဝေး အချိုးကျမှသာ သက်သောင့်သက်သာ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါသည်။ TV မျက်နှာပြင်အရွယ်အစားနှင့် ကြည့်ရှုနိုင်သည့် အကွာအဝေး ဇယားအား လေ့လာကြည့်ရှုနိုင်ပါသည်။




Multimedia Playback ပါဝင်ခြင်း

Card reader သို့မဟုတ် USB Port ပါဝင်သော အမျိုးအစားများမှာ Memory Card, Thumb Drive သို့မဟုတ် Portable Hard Drive များပေါ်မှ ဓါတ်ပုံများ ဗွီဒီယိုများ ကို တိုက်ရိုက်ဖွင့်လှစ်ကြည့်ရှုနိုင်ပြီး Blu-Ray ,DVD Player များ ကဲ့သို့သော သီးခြား Player များနှင့် ကြားခံကြည့်ရှုရခြင်းထက် အလုပ်ရှုပ်ပိုမိုသက်သာပြီး ပါဝါသုံးစွဲမှု လျော့နည်းစေပါသည်။




DLNA နှင့် Internet Streaming လုပ်ဆောင်ချက်ပါဝင်ခြင်း

အမျိုးအစား အမျိုးမျိုးကွဲပြားသော media files များကို Wire (သို့မဟုတ်) Wireless Network မှတဆင့် ကွန်ပျူတာများ PDA များ Tablet များနှင့် Smart Phones များမှ နေ၍ TV ပေါ်တွင်ပြသ ကြည့်ရှုနိုင်သည့် Digital Living Network Alliance (DLNA) လုပ်ဆောင်ချက် ပါရှိခြင်းသည် အဆင့်မြင့်နည်းပညာသုံး ဖျော်ဖြေရေး ကဏ္ဍတွင် အရေးပါလှပါသည်။  ထို့ပြင် Internet နှင့် ချိတ်ဆက်ထားပါက Youtube မှ ဗီဒီယိုများကြည့်ရှုခြင်း Facebook အသုံးပြုခြင်း နှင့် Internet Websites များဖွင့်လှစ်ကြည့်ရှု နိုင်ခြင်း စသည့် လုပ်ဆောင်ချက်များ သည်လည်း မိမိလိုအပ်ချက် အလျောက် ထည့်သွင်းစဉ်းစား သင့်သည့် အချက်များ ဖြစ်ပေသည်။


Contrast Ratio နှိုင်းယှဉ်ကြည့်ခြင်း

TV မှရုပ်ပုံများပြသရာတွင် တစ်ချိန်တည်း၌ အရောင် အရင့်ဆုံး (အနက်ဆုံး) အရောင်နှင့် အရောင်အဖျော့ဆုံး (အဖြူဆုံး) အရောင်တို့ အကြားကွာခြားချက်ကို ကိန်းဂဏန်းနှင့် ဖော်ပြခြင်းအား Contrast Ratio ဟုခေါ်ပါသည်။ Contrast Ratio များခြင်း သည် ပို၍ကောင်းသည်ဟု ရေဘုယျ အားဖြင့်သတ်မှတ်နိုင်သော်လည်း လည်းကောင်း အချက်တစ်ခုတည်းဖြင့် TV  တစ်လုံးဝယ်ယူရန် ဆုံးဖြတ်ချက်ချသင့်သည်ကား မဟုတ်ပေ။ သို့ရာတွင် TV တစ်လုံး၏ ရုပ်ပုံထွက် ကောင်းမကောင်းတွင် အရေးပါသော အချက်တစ်ခုအနေနှင့်ကား မှတ်ယူရပေမည်။ ရှိသင့်သော Contrast Ratio များမှာ Static Contrast Ratio အတွက် 5000:1 နှင့်အထက် ဖြစ်ပြီး Dynamic Contrast Ratio အတွက် 10000:1 နှင့်အထက်ဖြစ်ပါသည်။




အရေးပါသော Response Time အကြောင်း

Response Time ကို (Milliseconds, ms) ဖြင့်ဖော်ပြလေ့ရှိပြီး Pixel တစ်ခုခြင်းစီ၏ ပြောင်းလဲနိုင်မှုနှုန်းကို တိုင်းတာခြင်းဖြစ်ပါသည်။ လျှင်မြန်စွာရွေ့လျားနေသော အရာဝထ္ထုများ (သို့မဟုတ်) မြင်ကွင်းအား အလျှင်အမြန် ရွေ့လျားနေသည့် ပြကွက်များအား ပြသရာတွင် Response Time မြန်ခြင်းသည် ပို၍ညက်ညောမှုရှိသည့် ဗီဒီယို ရုပ်ပုံများကို ရရှိစေပါသည်။ ဥပမာအားဖြင့် Response Time 8ms နှုန်း ရှိသည့် TV ထက် 4ms ရှိသည့် TV သည်ပို၍ ကောင်းမွန်ညက်ညောသော ဗီဒီယိုပုံထွက်ကို ရရှိမည်ဖြစ်ပါသည်။ သို့ရာတွင် ၀ယ်ယူရာ၌ မိမိ ပကတိမျက်စိဖြင့် ကြည့်ရှုဆုံးဖြတ်ခြင်းကမူ ပို၍သေချာတိကျသော ရွေးချယ်မှုဖြစ်နိုင်ပေသည်။

အချုပ်အားဖြင့်ဆိုရသော် HDTV တစ်လုံးရွေးချယ်ရာတွင် အရောင်းကိုယ်စားလှယ် အကြံပြုတင်ပြသည်များအပြင် အထက်ဖော်ပြပါ အချက်များကိုပါ ကိုးကား၍ နောက်ဆုံး မိမိ အမြင်အာရုံဖြင့်ပါ သေချာအောင် စိစစ်ကာ မိမိ လိုအပ်ချက်နှင့် ကိုက်ညီမည့် အကောင်းဆုံး အမျိုးအစားကို ရွေးချယ်သင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်ခင်ဗျား။



ကိုငယ် (မန္တလေး)





No comments:

Post a Comment