Saturday, January 22, 2011

Digital Video scan ပြုလုပ်ခြင်းနည်းစံနစ်များ (Digital Video scanning Systems)



Digital television (DTV) တစ်ဖြစ်လဲ Digital Video တွေဟာ Analog System  တွေထက် အရည်သွေးအားဖြင့် ပို၍မြင့်မားကြပါတယ်။ သို့သော်လည်း အားလုံးသော Digital video  တွေဟာတော High-Definition television (HDTV)  မဟုတ်ပါဘူး။ Digital video တွေကို ယေဘုယျအားဖြင့် ၄မျိုး ခွဲခြား သတ်မှတ်နိုင်ပါတယ်။




480p System

480p System  ရဲ့ရုပ်ပုံတွေကို progressive နည်းနဲ့ scan လုပ်ထားတဲ့ လိုင်းပေါင်း ၄၈၀ နဲ့ဖွဲ့စည်းထားပါတယ်။ ပုံမှန်အားဖြင့် 60 frames per second ထွက်ပါတယ်။ အရည်အသွေးအားဖြင့် Analog system television  တွေထက် ပိုပြီးကောင်းမွန်တာမို့ တစ်ခါတစ်ရံမှာ (HDTV) အနေနဲ့ခေါ်ဆိုကြသော်လည်း နည်းပညာ စံသတ်မှတ်ချက်တွေ အရတော့  High-definition  အုပ်စုမ၀င်ပါဘူး။

720p System

အလားတူပဲ progressive scan  လိုင်းပေါင်း ၇၂၀ နဲ့ဖွဲ့စည်းထားတာမို့  720p system  လို့အမည်တွင်တာ ဖြစ်ပါတယ်။ သူ့ရဲ့ပုံမှန်  refresh rate ကတော့  60 frames per second  ဖြစ်ပါတယ်။ အရည်အတွက် မြင့်မားတဲ့ scan လိုင်းအရေအတွက်ဟာ အလွန်ပြတ်သားတဲ့ ပုံထွက်ကိုရရှိစေပြီး ဒီစံနစ်ကတော့ လုံးဝ ဥသုံ High-definition  ဖြစ်ပါတယ်။ HDTV အုပ်စုဝင်ပါတယ်။

1080i System

ဒီစံနစ်မှာတော့ bandwidth သက်သာစေရန် interlaced scan စံနစ်ကိုအသုံးပြုထားပါတယ်။ ဆိုလိုတာကတော့ 1080 progressive နည်းနဲ့ scan လုပ်တာထက် digital signal များကို ပိုမိုလျင်မြန်စွာ သယ်ယူနိုင်စေရန် ဖြစ်ပါတယ်။ သူ့စံနစ်မှာ 30 Frames per second ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ frames တွေကိုပဲထုတ်လုပ်နိုင်တယ် ဆိုသော်ငြားလည်း သူ့ရဲ့ မြင့်မားလှတဲ့ scan လိုင်းအရေအတွက်ကြောင့် 480p ဒါမှမဟုတ် 720p စံနစ်များထက် ပိုပြီး High-definition ဖြစ်တဲ့ video ကို ရရှိစေတာအမှန်ပဲဖြစ်ပါတယ်။

1080p System ( Full HD)

လက်ရှိအနေအထားအရ အမြင့်ဆုံး resolution စံနစ်ဖြစ်ပြီး သူ့ကို Full HD လို့ ခေါ်ဆိုသုံးနှုန်း ကြပါတယ်။ Horizontal လိုင်းပေါင်း 1080 လိုင်းကို progressive နည်းနဲ့ scan လုပ်ပြီး ရရှိလာတဲ့ ပုံရိပ်တွေ ဟာ အထူးကြည်လင်ပြတ်သားလှပါတယ်။ ဒီစံနစ်နဲ့ရိုက်ကူးထုတ်လုပ်မှုအပိုင်းရော တည်းဖြတ်မှုအပိုင်း သာမက ပြသမှုစံနစ်များ အားလုံးမှာတော့ အမြင့်ဆုံး configuration ရှိတဲ့ system များလိုအပ်ပါလိမ့်မယ်။

Tuesday, January 18, 2011

ဒစ်ဂျစ်တယ် ဗီဒီယိုမိတ်ဆက်

Digital Video များ၏အခြေခံပုံရိပ်ဖော်ခြင်းလုပ်ငန်းစဉ်

        ဒစ်ဂျစ်တယ်ဗွီဒီယိုခေတ်ကိုတော့ ကူးပြောင်းရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ အလွန်တရာဈေးကြီးပြီး ချောင်ထိုးလိုက်ဖို့ ခဲယဉ်းလှတဲ့ အရည်အသွေးအကောင်းစား အင်နာလော့ ကင်မရာကြီးတွေတစ်ချို့ကလွဲလို့ ဗွီဒီယိုရိုက်ကူးထုတ်လုပ်ခြင်း လုပ်ငန်းစဉ် အားလုံးဟာ ဒစ်ဂျစ်တယ် စံနစ်ကိုအသုံးပြုနေကြပြီဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ရုပ်ရှင် ထုတ်လုပ်ရေး အများစုဟာ ရှေးဟောင်း အင်နာလော့ ကင်မရာတွေကိုသာ ရိုက်ကူးရေးမှာ သုံးနေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော တည်းဖြတ်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်အများစုမှာတော့ ဒစ်ဂျစ်တယ် လုပ်ငန်းစဉ်တွေကသာ လွှမ်းမိုးခဲ့ပြီ ဖြစ်ပါတယ်။

        ဒစ်ဂျစ်တယ် ဗွီဒီယိုလို့ပြောလိုက်တာနဲ့ ဟိုက်ဒက်ဖနေးရှင်း ဗွီဒီယိုကိုသာ မြင်ယောင်မိကြတာ ဖြစ်သော်လည်း တစ်ကယ်တမ်း ဒစ်ဂျစ်တယ် ဗွီဒီယိုမှာလည်း အခြေခံတဲ့ ဗွီဒီယိုကုတ်ဒစ် (Video Codecs) တွေအလိုက် အရည်အသွေး အကြီးအကျယ် ကွာခြားနိုင်ပါသေးတယ်။ အခုဖော်ပြမယ့် အခြေခံတွေကနေ ဒီအကြောင်းအရာတွေကို တစ်စေ့တစ်စောင်း သိရှိနိုင်ပါလိမ့်မယ်။



အခြေခံပုံရိပ်ဖော်ခြင်း Basic Image Formation

ဗွီဒီယိုပုံရိပ်များ၏ ပုံရိပ်ဖော်ခြင်း လုပ်ငန်းစဉ်ဟာ Process of Scanning ဆိုတဲ့ Scan လုပ်ငန်းစဉ် တစ်ခုအပေါ်မှာ အခြေခံထားပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ Black-and-white television, Color television, standard analog television နဲ့ Digital high-definition television စသည် အားလုံးတို့အတွက် အတူတူပင်ဖြစ်ပါတယ်။Process of Scanning ကိုရှင်းပြဖို့အကောင်းဆုံးကတော့ Cathode ray tube (CRT)  ကိုအသုံးပြုထားတဲ့ Standard monochrome (black-and-white) television စံနစ်ပဲဖြစ်ပါတယ်။


TV tube  ရဲ့နောက်ဘက်မှာရှိတဲ့ Electron Gun ကနေ သေးငယ်ပြီးစူးရှတဲ့ Electron Beam တွေကို ထောင်ပေါင်းများစွာသော Phosphorous အစက်အပြောက် လေးတွေနဲ့ ဖုံးအုပ်ထားတဲ့ TV tube မျက်နှာပြင်ပေါ်ကို ထုတ်လွှတ်ပြီး Scan လုပ်ခြင်းဖြင့် ပုံဖော်ပါတယ်။ Electron Beam တွေ အားပြင်းလာတာနဲ့အမျှ မျက်နှာပြင်ပေါ်က အစက်အပြောက် လေးတွေဟာ တောက်ပ လာပါတယ်။ တစ်ကယ်လို့ Beam ဟာ အစက်ပြောက်လေးတွေကို အလင်းရောင် ထွက်စေနိုင်လောက်အောင် အားမပြင်းတဲ့အခါ မျက်နှာပြင်ဟာ အနက်ရောင်အဖြစ် ပုံဖော်မှာဖြစ်ပြီး Beam တွေဟာ အားအပြင်းဆုံး အနေအထားနဲ့ အစက်အပြောက် လေးတွေပေါ်ကို ကျရောက်တဲ့အခါ အဖြူရောင်အဖြစ် ပုံဖော်မှာဖြစ်ပါတယ်။

အလားသဏ္ဍန်တူစွာပဲ Color television စံနစ်မှာတော့ Electron Gun သုံးခုပါရှိကာ မတူညီတဲ့ Electron Beam သုံးမျိုးကိုထုတ်လွှတ်ပါတယ်။ Color television ရဲ့မျက်နှာပြင်မှာတော့ Red,Green နဲ့ Blue အရောင်သုံးမျိုးကို သေသပ်ကျနစွာ အစီအစဉ်တကျ နေရာချထားတဲ့ သေးငယ်လှတဲ့ အစက်အပြောက်လေးတွေ သို့မဟုတ် လေးထောင့်ကွက်လေးတွေပါရှိပါတယ်။ ပထမ Beam ကိုတော့ Red dots တွေပေါ်ကိုကျရောက်စေရန် စီစဉ်ထားပြီး ဒုတိယနဲ့ တတိယ Beam တွေကိုတော Green dots နဲ့ Blue တွေအသီသီးပေါ်ကို ကျရောက်စေရန် စီစဉ်ထားပါတယ်။ Digital Television စံနစ်မှာတော့ color television စံနစ်မှာသုံးခဲ့တဲ့ Dots တွေကို Pixels လို့ခေါ်ပါတယ်။ Pixels တွေဟာ ဇယားကွက်သေးသေးလေးတွေ အတွဲလိုက်ချထားတာနဲ့ ဆင်တူပြီး အသေးဆုံးဇယားကွက်တစ်ခု ကစပြီးတော့ ကွန်ပျူတာက မှတ်မိသိရှိပြီး စံနစ်တကျထိန်းချုပ်ပါတယ်။ Electron Beam သုံးခုရဲ့အမျိုးအမျိုးသော ပေါင်းစပ်ထုတ်လွှတ်မှုတွေကနေ ကျွန်တော်တို့ Video မျက်နှာပြင်ပေါ်မှာ မြင်ရတဲ့ အရောင်တွေအားလုံးကို ဖြစ်ပေါ်စေပါတယ်။

Scan ပြုလုပ်ခြင်းလုပ်ငန်းစဉ် (Scanning Process)

ကျွန်တော်တို့ စာဖတ်တဲ့အခါမှာ စာကြောင်းတွေကို ဘယ်ဘက်ကနေ ညာဘက်ကိုဖတ်ပြီး တစ်ဖြည်းဖြည်းနဲ့ အောက်ကိုဆက်ဖတ်သွားသလိုမျိုး Electron Gun ကပစ်လွှတ်လိုက်တဲ့ Electron Beam တွေဟာလည်း မျက်နှာပြင်ကိုဖတ်ဖို့အတွက် အလားတူ Scan လုပ်ပါတယ်။ Interlaced Scanning နဲ့ Progressive Scanning ဆိုပြီး Scan ပြုလုပ်ခြင်း အခြေခံနည်းလမ်း နှစ်သွယ်ရှိပါတယ်။ Standard analog television အားလုံးဟာ Interlaced Scanning စံနစ်ကိုအသုံးပြုပါတယ်။ Digital Video တွေမှာတော့ Interlaced Scanning လည်းဖြစ်နိုင်သလို Progressive Scanning လည်းဖြစ်နိုင်ပါတယ်။


Interlaced Scanning


လူတွေစာဖတ်သလို တစ်ကြောင်းပြီးတစ်ကြောင်း အောက်ထိဖတ်သွားတာနဲ့ မတူတဲ့အချက် Interlaced Scanning မှာရှိပါတယ်။ အဲဒါကတော့ ပထမအကြိမ် Scan ဖတ်စဉ်မှာ 'မ' ဂဏန်းလိုင်းတွေကိုပဲ ရွေးပြီးဖတ်သွားပါတယ်။ ပြီးသွားရင် Electron Beam ဟာ မျက်နှာပြင်အပေါ်ဆုံးအစကို ပြန်သွားပြီး ဒုတိယအကြိမ် ပြန်ဖတ်တဲ့အချိန်မှာတော့ 'စုံ' ဂဏန်းလိုင်းတွေကို ဖတ်ပါတယ်။ ပထမအကြိမ် အပေါ်ဆုံးကနေအောက်ဆုံးထိ 'မ' ဂဏန်းလိုင်းတွေကိုချည်း ဖတ်ပြီးသွားရင်Field တစ်ခုရပါတယ်။ ဒုတိယအကြိမ် အစအဆုံး 'စုံ' ဂဏန်းလိုင်းတွေကို ဖတ်ပြီးသွားရင် နောက်ထပ် Field တစ်ခုရပါတယ်။ Field နှစ်ခုကို ပေါင်းစည်းလိုက်တဲ့အခါမှာတော့ Frame လို့ခေါ်တဲ့ ပြည့်စုံတဲ့ ရုပ်ပုံတစ်ခုကို ရပါတယ်။


Progressive Scanning

Progressive Scanning မှာတော့ Electron Beam ဟာကျွန်တော်တို့ စာဖတ်သလိုမျိုး လိုင်းတိုင်းကို အစဉ်အတိုင်း အစအဆုံး ဖတ်သွားပါတယ်။ အပေါ်ဆုံး ဘယ်ဘက် ထောင့်ကနေ စပြီးတော့ ပထမဆုံး တစ်လိုင်းကို Scan စလုပ်ပါတယ်။ ပြီးတာနဲ့ ဘယ်ဘက်ခြမ်းကို ပြန်ခုန်သွားပြီး ဒုတိယလိုင်းကို Scan လုပ်ပါတယ်။ ဒီလိုနည်းနဲ့ တတိယလိုင်း စတုတ္ထလိုင်း စသည်ဖြင့် Scan လုပ်သွားပါတယ်။ နောက်ဆုံးလိုင်းကို Scan လုပ်ပြီးတာနဲ့ တစ်ပြိုင်နက် အပေါ်ဆုံးက အစမှတ်ကိုပြန်သွားပြီး scan လုပ်ငန်းစဉ်အသစ်တစ်ခုကို ပြန်စပါတယ်။ လိုင်းအားလုံးကို သေသေချာချာ အစီအစဉ်တကျ scan လုပ်ပါတယ်။ Computer Screen များအားလုံးနဲ့ Digital Video အများစုဟာ Progressive Scanning စံနစ်ကိုအသုံးပြုပါတယ်။ Scan သံသရာတစ်ပါတ်မှာ Frame တစ်ခုရဲ့တစ်ဝက်ကိုပဲ (One Field) ပုံဖော်နိုင်တဲ့ Interlaced Scanning နဲ့မတူကွဲပြားတာကတော့ Progressive Scanning ဟာ Scan သံသရာတစ်ပါတ်မှာ လိုင်းအားလုံးကို Scan လုပ်ပြီး Full Frame တစ်ကွက်ကို ပုံဖော်နိုင်ခြင်းပဲဖြစ်ပါတယ်။ တစ်စက္ကန့်အတွင်းမှာ  ပြည့်စုံအောင်ပုံဖော်နိုင်တဲ့ Frame  အရေအတွက်စုစုပေါင်းကိုတော့ Refresh Rate လို့ခေါ်ပါတယ်။

ကိုငယ် Friday, January 21, 2011 (1:11 am)

Referance : Video Basics, Sixth Edition Herbert Zettl
                     The Complete Idiots Guide to Digital Video by Karl Bardosh

Monday, January 17, 2011

နေသာတဲ့နေ့တစ်နေ့

        ဒီ Blog လေးကိုစတင်ဖန်တီးဖြစ်တဲ့ နေ့လေးဖြစ်တဲ့အတွက် ဒီ Blog လေးအတွက် နေသာတဲ့နေ့အဖြစ် ကျွန်တော် သတ်မှတ်ပါတယ်။ ကျွန်တော် ဒီစာမျက်နှာလေးတွေကနေ ကျွန်တော်ဝါသနာ ပါရာများ အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်နေသော လုပ်ငန်းခွင် အတွေ့အကြုံဆိုင်ရာများ အလျင်းသင့်သလို ရေးသားသွားပါမယ်..။ ကံအကြောင်းမလှစွာနဲ့ ကျွန်တော် ၀ါသနာပါတာကတစ်မျိုး အသက်မွေးဝမ်းကြောင်း အဖြစ် လုပ်ကိုင်နေသော အလုပ်ကတော့ တစ်မျိုးဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကြုံရဆုံရ တစ်ဘ၀တာမှာ အတွေ့အကြုံ ဗဟုသုတ တိုးပွားစရာ ဖြစ်ခဲ့ရတယ်လို့ နှလုံးသွင်းပါတယ်။
       ကျွန်တော်ဝါသနာပါရာ အလုပ်များကတော့ ဓါတ်ပုံ၊ဗွီဒီယို ပညာရပ်ဆိုင်ရာ အလုပ်များပဲဖြစ်ပါတယ်။ လေ့လာဆဲသင်ယူဆဲ ၀ါသနာရှင်အဆင့် မျှသာဖြစ်တာကိုတော့ ကြိုတင်ဝန်ခံထားပါရစေခင်ဗျား..။ အသက်မွေး ၀မ်းကြောင်းဆိုင်ရာ အလုပ်အကိုင်ကတော့ Air-Conditioning & Mechanical Ventilation Designer ဖြစ်ပါတယ်။ ဒါကလည်း ထိပ်တန်းပညာရှင်အဆင့်မဟုတ်ဘဲ ၃နှစ်မျှသာအတွေ့အကြုံရှိသေးတဲ့ လုပ်ငန်းနယ်ပယ်မျှသာ ဖြစ်ပါတယ်။ ခြုံငုံပြောရရင်တော့ ဘာမျှဟုတ်ဟုတ်ငြားငြားတတ်သူမဟုတ်ဘဲ ကျွန်တော့်ရဲ့ အတွေးမှတ်စုများ .. အတွေ့အကြုံဗဟုသုတများနဲ့ ရံဖန်ရံခါ စိတ်ကူးစိတ်သန်းလေးများကို မှတ်တမ်းတင်ထားရုံ မျက်စိလည်လမ်းမှားကာ ရောက်ရှိလာသူများအတွက်လည်း လဘက်ရည်ကြမ်းလေး တစ်ခွက်စာလောက်မျှဖြင့် ဧည့်ခံလိုရုံ သက်သက်ဖြင့် ဤ ကျွန်တော့်ရဲ့ သေတ္တာ အမည်ရှိ Blog စာမျက်နှာလေးအား ဖန်တီးပါသည်။

ကိုငယ် (၁၇.၁.၂၀၁၁ ည၁၁း၃၂)

Sunday, January 16, 2011

မိတ်ဆက်

ကျွန်တော်ရေးချင်တာလေးတွေ..တွေးမိတာလေးတွေ..ရှယ် (Share) လုပ်ချင်တာလေးတွေ တစ်ချို့ အတွက် ဒီ Blog လေးကိုလုပ်ဖြစ်ပါတယ်။